Knowledge

ရေငံပိုင်ဦးရှင်ကြီးနဲ့မိန်းမလှကျွန်းက မိကျောင်းတွေရဲ့ထူးခြားလှတဲ့ ပတ်သက်ဆက်နွယ်မှုများအကြောင်း

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ဦးရှင်ကြီးသည် ကိုးကွယ်ကြသောထင်ရှားသော နတ်တစ်ပါးဖြစ်သည်။ ရေလမ်းခရီးကိုစောင့်ရှောက်သည့် နတ်တစ်ပါး ဖြစ်သည်ဟု အများက ယုံကြည်ကြပါ သည်။

သူ၏ ရုပ်ထုကိုကျားသို့မဟုတ် မိကျောင်း တစ်ကောင်နှင့်တွဲဖက်ထုလုပ်လေ့ရှိပြီး တစ်ခါတရံတွင်စောင်းကိုင်ထားသည့် ပုံပြလေ့ ရှိသည်။သူသည် နဂိုမူလကပဲခူးဒေသရှိကစင်ရွာမှ စောင်းသမား ဖြစ်သည်။ ပါးစပ်ပြော ရာဇဝင်များတွင် သူနှင့် အပေါင်းအပါ သစ်ခုတ်သမားများ အစားအစာရှာဖွေရာတွင် မိန်းမလှကျွန်းသို့ ရောက်ရှိသွားကြသည်။ သူ၏စောင်းသံသည် နတ်ညီအစ်မနှစ်ယောက်ကိုနှစ်သက်စေခဲ့သဖြင့် သူမတို့ကသူတို့၏ လှေကိုထွက်ခွာခွင့်မပြုခဲ့ပေ။ နောက်ဆုံးသူ၏ အသက်ကို စတေးမှလှေအား ထွက်ခွာခွင့် ပြုခဲ့သည်။ သူသည် ကွယ်လွန်ပြီးနောက် နတ်ဖြစ်ခဲ့သည်။ ဦးရှင်ကြီးနတ်ပွဲအား ပုံမှန်အားဖြင့်မတ်လတွင်ကျင်းပလေ့ရှိသည်။

ရေငန်ပိုင် ဦးရှင်ကြီးသမိုင်းနှင့်ပတ်သတ်ပြီး မိန်းမလှကျွန်းသည် မြစ်ဝကျွန်းပေါ်ဒေသတွင် အထူး ထင်ရှားကျော်စောသောကျွန်းဖြစ်သည်။ မွန် စာပေအက္ခရာတွင်မိန်မ္လဟုရေးသား၍ အဓိပ္ပါယ်မှာ မြရာပင်များ ပေါက်သောကျွန်းဟုခေါ်သည်။ ထိုမိန်းမလှကျွန်းတောင်ဖက်တွင်လဲကျွန်းညိုကြီး ဟူသောကျွန်းလည်းရှိသေးသည်။ ကျွန်းညိုကြီးတွင် ယခုအခါ လူနေအိမ်ခြေစည်ကားလျက် ကျွန်းညိုရွာဟုခေါ်ကြသည်။ သမိုင်းဖြစ်စဉ်တွင် ဘုရင်နှင့် သက္ကရာဇ်ကိုမသိရ။

ရာမညတိုင်း မွန်လူမျိုးတို့ ကောင်းစားစဉ်အခါကပဲခူးနယ် ကစင်ရွာ (အချို့က စည်တီးရွာ) သားမောင်ရှင်သည်အသက်အရွယ်ငယ်စဉ်အခါကဖခင်သူကြီး ကွယ်လွန်သွား၍ ဆင်းရဲနွမ်းပါးပြီး သူ၏ထူးချွန်စွာ တတ်မြောက်သောစောင်းပညာဖြင့်ငွေကြေးရှာ ဖွေပြီး မိခင်မုဆိုးမဒေါ်ဖြူကို ကျွေးမွေးရရှာသည်။ မောင်ရှင်ကို သာမဏေမပြုရသေးသောကြောင့် ဒေါ်ဖြူက သူ၏ခင်ပွန်းမကွယ်လွန်မီ ကောင်းစားခဲ့အခါကအစ်မဖြစ်သူဒေါ်သူကို ငွေသုံးပိဿာ ချေးငှားထားခဲ့ ဖူးသည်ကို သတိရ၍ ယခုအခါ ဒေါ်သူမှာကြွယ်ဝချမ်းသာနေပြီ ဖြစ်သောကြောင့် သားကလေးရှင်ပြုရန်အတွက်သွားရောက်တောင်းဆိုခဲ့ရာဒေါ်သူက အမျိုးမျိုးဆဲဆိုကြိမ်းမောင်း၍နှိပ်စက်လွှတ်လိုက်သည့်အတွက် ရှက်လည်းရှက်စိတ်လည်းနာ၍သားအမိနှစ်ယောက်သည် ဒလမြို့သို့ လာရောက်နေထိုင်ကြရာ မောင်ရှင်က ရှင်သာမဏေပြုရန် ငွေကြေးရအောင် မျောခုတ်သမားလှေထိုးသားအဖြစ်နှင့်လိုက်သွား ရာ မိန်းမလှကျွန်းသို့ရောက်လေသည်။ ဇာတ်သဘင်များက ကပြရာတွင်မောင်ရှင်၏ အကိုဝမ်းကွဲတော်သူဒေါ်သူ၏သား ကိုဘိုးအောင်ကိုပါထည့်သွင်းကပြကြသည်မှာ လွမ်းအောင်ဆွေးအောင် ဇာတ်ပို့ဆောင်သူအဖြစ်နှင့် ထည့်သွင်းကပြကြဟန်တူပါသည်။ မိန်းမလှကျွန်း၌ ကရင် မုဆိုးမကြီးသမီးလေးယောက်ကျားကိုက်၍ သေရပြီး အစိမ်းနတ်အဖြစ်စောင့်နေကြရသည်။

မောင်ရှင်တို့လှေမိန်းမလှကျွန်းသို့ရောက်ခဲ့ကြပြီး မျောများခုတ်၍ ယူကြစဉ်မောင်ရှင်သည် လှေကို စောင့်၍နေရစ်ခဲ့ရာအပျင်းပြေစောင်းတီးသော အခါ မိန်းမလှကျွန်းကိုစောင့်နေသောနတ်သမီးများကသဘောကျ၍ မျောခုတ်ပြီးလှေထွက်ရန် ပြုလုပ်သောအခါလှေမထွက်နိုင်အောင် ဆွဲထားသည်နှင့်မဲချသောအခါမောင်ရှင်ကို မဲသုံးကြိမ်ကျ၍လှေသူကြီးကမောင်ရှင်အား ရေထဲသို့ ပစ်ချရာရေထဲမရောက်ခင်ပျောက်သွားပြီး အရှင်လတ်လတ်နတ်ဖြစ်သွားသည်ဟု ဆိုသည်။၎င်းကို ရေငန်ပိုင်ဦးရှင်ကြီးဟုခေါ်ကြသည့်အပြင် ကျွန်းညိုရှင်ဟုလည်း ခေါ်ကြသေးသည်။

ရေငန်ပိုင် မြို့ရွာ ဒေသတို့တွင်အများအားဖြင့် ဦးရှင်ကြီးကို အထူးယုံကြည်၍တင်မြှောက်ပသကိုးကွယ်ကြသည်။ ကျွန်းညိုရွာဒေသခံများက ရေငံပိုင်ဦးရှင်ကြီးသည် ယနေ့အချိန်အထိ ကျွန်းညိုကြီး ပေါ်တွင်နေထိုင်လျက်ရှိသည်ဟုယုံ ကြည်ကြသည်။ ဒေသခံများသည်အစွဲအလမ်း အလွန်ကြီးမားပြီးဤကျွန်းသည် အလွန်နတ်ကြီးသည့်နေရာဖြစ်သည်ဟု ယုံကြည်ကြသည်။ ကျွန်းအနီးတွင် အပြောအဆိုမှအစအမှားမရှိစေရန်၊ အထူးသဖြင့်မိကျောင်းများကိုရန်မရှာရန်ဟု ဆိုကြသည်။ ဒီဒေသရှိ မိကျောင်းများအားလုံးသည် ရေငံပိုင် ဦးရှင်ကြီး၏ အစောင့်အရှောက်များ ဖြစ်သည်ဟုဆိုကြသည်။ တစ်စုံတစ်ရာ အမှားအယွင်းရှိခဲ့ပါက ဦးရှင်ကြီးမှမိကျောင်းဖြင့် တိုက်လိမ့်မည်ဟုလည်းယုံကြည်ကြသည်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။

ခရက်ဒစ်