Local News

မန္တလေးရှိ လမ်းပေါ်တောင်းရမ်း စားသောက်သူများကို ပေးကမ်းစွန့်ကြဲခြင်းများ မပြုဖို့ စည်ပင် ထုတ်ပြန်

မန္တလးမြို့ရှိ တောင်းရမ်းစားသောက်သူများအား အလှူ ငွေမထည့်ရန် စည်ပင်သာယာကော်မတီက မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့ပါတယ်။ ယနေ့မန္တလေးတွင် တောင်းရမ်းစားသောက်သူတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ရာ ၎င်းတွင် ကိုဗစ်ရောဂါပိုးတွေ့ခဲ့သဖြင့် ယခုလို ထုတ်ပြန်ခြင်း ဖြစ်ကြောင်းသိရပါတယ်။


မန္တလေးချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ကွက်၊ အကွက်(၅၀၃)၊ ဦးပွားဘုရားဝန်းအတွင်းတွင် နိုဝင်ဘာ (၂၁)ရက် ညနေပိုင်း အမျိုးသားတစ်ဦးသေဆုံးခဲ့ရာ ယင်းအမျိုးသားသည်အိမ်ခြေမဲ့တစ်ဦးဖြစ်ပြီး ၎င်းအားမန္တလေးမှအထွေထွေရောဂါကုဆေးရုံကြီးသို့ပို့ဆောင်၍ ကိုဗစ်ရောဂါရှိ/မရှိ နှာခေါင်းတို့ပတ်၊ အာခေါင် တို့ပတ်များရယူ၍စစ်ဆေးခဲ့ရာမှ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

“တောင်းစားတဲ့သူကိုပိုက်ဆံမထည့်နဲ့ဆိုတော့ အိမ်ရာမဲ့တောင်းစားသူတွေက ငတ်သေရမှာလားလို့မေးစရာရှိပါတယ် ၊ ရောဂါကိုစိုးရိမ်တာကတစ်ပိုင်း သူတို့ကို ဘယ်လိုမျိုးစောင့်ရှောက်မယ်ဆိုတာကတစ်ပိုင်းခွဲပြီးလုပ်ဆောင်ရမှာ ပိုက်ဆံမထည့်ရုံနဲ့အားလုံးအဆင်ပြေမသွားဘူး နောက်ဆက်တွဲဘယ်လိုတွေလုပ်ဆောင်ထားလဲဆိုတာကိုပဲ သိချင်ပါတယ်” ဟု ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အစိုးရဝန်ထမ်းတစ်ဦးဖြစ်သူဦးရဲနိုင်ကပြောပါတယ်။

အသိပေးချက်များတွင် လမ်းပေါ်နေတဲ့ကလေးသူငယ်များ၊ တောင်းရမ်းစားသောက်သူများနှင့်ပန်းရောင်းမုန့်ရောင်းဟန်ပြ တောင်းစားသူများမှတဆင့် ရောဂါကူးစက်ပြန့်ပွားနိုင်သဖြင့် ပေးကမ်းခြင်း၊ ဝယ်ယူအားပေးခြင်းမပြုလုပ်ပဲရှောင်ရှားနိုင်ရန် မေတ္တာရပ်ခံတင်ပြအပ်ပါသည်ဟု ဖော်ပြထားကြောင်းသိရပါတယ်။

#credit