Local News

ကိုဗစ်-၁၉ လူနာသစ် ၁,၅၉၂ ဦးတွေ့ရှိ၊ သေဆုံးသူ ၂၅ ဦးထပ်တိုး

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁,၅၉၂ ယောက်ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၂၅ ယောက်ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသူ ၂၅ ယောက်ထဲမှာ ၂၃ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၁၈ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၁,၂၃၂ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၅၉၂ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။

လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ အယောက် ၄၉၀ ရှိပြီး ပြည်သူ့ဆေးရုံတွေက ၃၄၇ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၁၄၃ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ အယောက် ၁,၀၇၀ ကို နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း၇၃,၃၂၂ ယောက်၊ သေဆုံးသူ အယောက် ၁,၆၅၀ နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၄,၇၆၄ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။