Local News

မန္တလေးတိုင်း၌ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲနှင့်ပတ်သက်၍ အမှု ၇၀ ခန့်တိုင်ကြားထား

မန္တလေးတိုင်းအတွင်း ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ရဲစခန်းမှာအမှုဖွင့် တိုင်ကြားထားတဲ့ အမှုပေါင်း ၇၀ လောက်နဲ့ ကော်မရှင်အဆင့်ဆင့်ကို တိုင်ကြားထားတာက ၂၀၀ ကျော်ရှိတယ်လို့ မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမှုပေါင်း ဘယ်လောက်ရှိတယ်ဆိုတာနဲ့ ‌ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းထားတာရှိ၊ မရှိဆိုတာကိုတော့ ကြံ့ခိုင်ရေး ပါတီပြောရေးဆိုခွင့်ရှိသူတွေထံ ဆက်သွယ်မေးမြန်းအတည်ပြုလို့မရသေးပါဘူး။

ဒါ့အပြင် ပုံစံ ၁၉ မှာ လက်မှတ်မထိုးဖို့ ညွှန်ကြားထားတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကတော့ သူတို့ ပါတီဘက်က ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လက်ရှိအချိန်အထိ ကန့်ကွက်လွှာ တင်သွင်းထားတာ မရှိသေးဘူးလို့ ပါတီ တာဝန်ရှိသူက ပြောပါတယ်။ ဒါပေမဲ့ ကော်မရှင်ထံတိုင်ကြားထားတာကတော့ ၄ မှု ၊ ၅ မှုလောက်ရှိတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကလည်း လက်ရှိမှာ အချက်အလက်တွေ စိစစ်နေဆဲဖြစ်တဲ့အတွက် တိုင်ကြားဖို့ရှိ၊ မရှိ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေကို ရွေးကောက်ပွဲရလဒ် ကြေညာပြီးနောက် ၄၅ ရက် အတွင်းတိုင်ကြားရမှာဖြစ်ပြီး အခုအချိန်အထိ တိုင်ကြားစာ တစ်စောင်မှ မရရှိသေးဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက နိုင်ငံပိုင်သတင်းစာနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားထားပါတယ်။

#credit