Local News

ရွှေ ၄ ပိသာခွဲနဲ့ ဒေါ်လာ ၅ သောင်း‌ကျော် ခိုးယူခဲ့တဲ့ လှိုင်သာယာက ဒုစရိုက်မိသားစုကို ဖမ်းမိ

ရွှေ ၄ ပိသာခွဲနဲ့ ဒေါ်လာ ၅ သောင်း‌ကျော် ခိုးယူခဲ့တဲ့ လှိုင်သာယာက ဒုစရိုက်မိသားစုကို ဖမ်းမိ

အမှုမှာ ၆.၁၁.၂၀၂၀ ရက်နေ့ ၁၈၀၀ အချိန်တွင် ဒုတိယရဲအုပ် ဖုန်းဝေဦး သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း၌ တာဝန်မှူးတာဝန်ထမ်းဆောင်နေစဉ် (၃၄)ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ ရွှေဆိုင်သို့ အမည်မသိသူ(၂)ဦးက ရွှေတုံး(၁)တုံးလျှင် (၁၀)ကျပ်သားခန့်ရှိ ရွှေတုံး (၂)တုံးအား ပိုင်ဆိုင်မှုအထောက်အထားမရှိဘဲ လာရောက်ရောင်းချနေကြောင်း ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးရာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၅)ရပ်ကွက်၊ တပင်ရွှေထီးလမ်း(ကျူး)နေ ကျော်နိုင်(ခ)ကျော်ကျော်နိုင် နှင့် ၎င်း၏ဇနီး မီးမီး(ခ)ခိုင်ဇင်ဝင်း တို့ဖြစ်ပြီး အဆိုပါရွှေတုံး(၂)တုံးအား ၎င်းတို့၏တူ အောင်ကျော်မြင့် မှ ရောင်းခိုင်းခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူခဲ့ပါသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ စခန်းမှူးနှင့် နယ်ထိန်းအရာရှိတို့ဦးစီးသည့် တပ်ဖွဲ့ဝင် များက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၅)ရပ်ကွက်၊တပင်ရွှေထီးလမ်း(ကျူး)နေ အောင်ကျော်မြင့် အား အမှုဖြင့် ဖမ်းဆီးစစ်ဆေးရာ ရွှေတုံးများအား ညီဖြစ်သူ ဖြိုးဝေမင်း နှင့် ၎င်း၏သူငယ်ချင်း ခိုင်မြဲ တို့(၂)ဦးက ခိုးယူခဲ့ခြင်းဖြစ်ကြောင်း၊ ခိုးယူရရှိသောရွှေတုံး(၆)တုံးအား ကျော်နိုင်(ခ)ကျော်ကျော်နိုင် နှင့် ရန်နိုင်စိုး တို့အား ရောင်းခိုင်းခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုချက်အရ ဖြိုးဝေမင်း၊ ခိုင်မြဲ နှင့် ရန်နိုင်စိုး တို့(၃)ဦးအား အမှုဖြင့်ဖမ်းဆီးစစ်ဆေးခဲ့ရာ

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၅)ရပ်ကွက်၊ ပဒေသာပင်မြို့တော်ဝန်း၊ ချယ်ရီ(၁)လမ်းရှိ အမှတ်(C/A-၃၄၃) ‌နေအိမ်အတွင်းမှ ခိုးယူခဲ့ခြင်း ဖြစ်ကြောင်း၊ ရွှေတုံးရောင်းချရငွေများဖြင့် ဖြိုးဝေမင်း ၏ မိခင် ဒေါ်သန်းသန်းအေး က ဦးစီး၍ ခိုင်မြဲ၊ အောင်ကျော်မြင့် တို့သည် သံလျင်မြို့နယ်၌ မြေကွက်တစ်ကွက်အား ငွေကျပ်သိန်း(၈၀)ဖြင့် လည်းကောင်း၊ ရွှေထည်ပစ္စည်း(၇)မျိုးနှင့် လက်ကိုင်ဖုန်း(၃)လုံးအား လည်းကောင်း၊ ဝယ်ယူထားရှိ ကြောင်းနှင့် ကျန်ရှိ ရွှေတုံး (၃၉)တုံးနှင့် အမေရိကန်ဒေါ်လာ (၁၀၀)တန် (၅၂)ရွက်အား ခိုင်မြဲ ၏ နေအိမ်(ကျူး)တဲရှိ အမှိုက်များထားသောနေရာတွင် သိမ်းဆည်းထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ပါသည်။

အမှုမှ သက်သေခံပစ္စည်း ရွှေတုံး(၁)တုံးလျှင် (၁၀)ကျပ်သားခန့်ရှိ ရွှေတုံး(၄၅)တုံး၊ အမေရိကန်ဒေါ်လာ (၁၀၀)တန် (၅၂)ရွက်၊ အင်ဒိုနီးရှာငွေစက္ကူ(၃၆,၀၀၀)၊ ရွှေတုံးရောင်းရငွေဖြင့် ဝယ်ယူထားသည့် ရွှေထည်ပစ္စည်း(၇)မျိုး၊ လက်ကိုင်ဖုန်း(၃)လုံးတို့အား ပြန်လည်သိမ်းဆည်း ရရှိပြီးဖြစ်၍ ပြစ်မှုကျူးလွန်သူ အောင်ကျော်မြင့် ပါ (၇)ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေးအတွက် ကျန်ရှိရဲလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

#credit