Local News

ဖွဲ့စည်းပုံသစ်အရ မူလတန်းကျောင်းအုပ်များအပြင် ဆရာ၊ဆရာမများ ရာထူးနှင့်လစာ တိုးခြင်းများ ခံစားနိုင်မည်

ဖွဲ့စည်းပုံသစ်အရ မူလတန်းကျောင်းအုပ်များအပြင် ဆရာ၊ဆရာမများ ရာထူးနှင့်လစာ တိုးခြင်းများ ခံစားနိုင်မည်
————————-
ရန်ကုန်၊ နိုဝင်ဘာလ ၁၄

ဖွဲ့စည်းပုံ မူဘောင်အသစ်အရ လုပ်သက်ရင့် မူလတန်းကျောင်းအုပ်များသည် အထက်တန်းပြလစာ ခံစားနိုင်မည်ဖြစ်သလို မူလတန်း၊ အလယ်တန်းပြများမှာလည်း ရာထူးနှင့် လစာတိုးခြင်းများရှိလာနိုင်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်က မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။

“မူလတန်းကျောင်းအုပ်တွေက အထက်တန်းပြလစာစားရတဲ့ ကိစ္စအရင်ထဲက ရှိပြီးသား ဒါပေမယ့် အဲ့တုန်းက ခိုင်မာတဲ့မူဘောင်တော့မရှိဘူး၊ အခုတော့ရှိလာပြီ မူဘောင်က တဖြည်းဖြည်းနဲ့တော့ ပြောင်းလဲရမှာပေါ့ ရာထူးခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ လစာတိုးမြှင့်ခြင်းနဲ့ ပတ်သက်တဲ့မူဘောင်က တဖြည်းဖြည်းနဲ့ ပိုမိုကောင်းအောင်လုပ်ရမှာပါ မူဘောင်ကောင်းကောင်းရှိမယ်ဆိုရင် ဆရာ၊ ဆရာမတွေကလည်း ကိုယ်လုပ်တဲ့ လုပ်ငန်းအပေါ်မှာ ယုံယုံကြည်ကြည်နဲ့ လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်”လို့ ၎င်းကဆိုထားပါတယ်။

ထို့ပြင် သင်ကြားနေသည့် မူလတန်း၊ အလယ်တန်းမှာပင် ရာထူးတိုးမြှင့် လစာတိုးမြှင့်မှုများရှိလာမည်ဖြစ်ပြီး မူလတန်းသင်ကြားရပေမယ့် အလယ်တန်းပြလစာခံစားရမှုများရှိလာမည်ဖြစ်ကာ အလယ်တန်းပြသည်လည်း ထိုနည်းတူစွာဖြစ်ကြောင်း ဆိုထားပါတယ်။

“ဥပမာ မူလတန်းပြ ဆရာ၊ ဆရာမတစ်ယောက်ကို မူလတန်းသင်ဖို့ခန့်လိုက်တယ်၊ သုံးနှစ်လောက်ဆိုရင် အလယ်တန်းပြရာထူးတိုးသွားတယ်၊ သုံးနှစ်အတွင်းမှာ မူလတန်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေရလာပြီဆိုရော အလယ်တန်းကိုသွားသင်တော့ နောက်ထပ်အတွေ့အကြုံနည်းတဲ့ မူလတန်းဆရာမက မူလတန်းကို သင်ရပြန်ရော၊ အဲ့ဒီလိုဆိုတော့ ဆရာတို့ကလေးတွေမှာ အတွေ့အကြုံရင့်တဲ့ ဆရာ၊ ဆရာမရဲ့ သင်ကြားမှုမျိုးမရတာအများစု ကြာပြီဖြစ်တာပေါ့၊ အဲ့ဒီလိုအားနည်းချက်ကိုလည်း CESR Report သုတေသနတင်ပြချက်ပေါ် မူတည်ပြီးပြောင်းတာပါ၊ ဆရာ၊ဆရာမသည် သူ့ကျောင်းမှာပဲ အတွေ့အကြုံရှိတဲ့ မူလတန်း၊ အလယ်တန်းပြ ဆရာမအဖြစ်ကိုပဲ အဆင့်မြှင့်တင်မယ်ဆိုရင် ကလေးတွေရဲ့ ပညာသင်ကြားရေးမှာ များစွာအထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်” လို့ ၎င်းကဆိုပါတယ်။

#crd