Lifestyle

မိုးညှင်းတွင် ကိုဗစ်ထောက်ပံ့ငွေ မရသူများ လူစုလူဝေးဖြင့်ရောက်လာသဖြင့် ရဲက လူစုခွဲ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ နိုဝင်ဘာ ၁၃ ရက်မနက်က အခြေခံလူတန်းစားတွေအတွက် အစိုးရက တအိမ်ထောင်ကို ကျပ် ၄၀၀၀၀ ထောက်ပံပေးတဲ့စာရင်းမှာ မပါတဲ့ ဒေသခံ ၈၀ လောက်က လာရောက် စုဝေးတောင်းခံရာမှာ ရဲတပ်ဖွဲ့က လူစုခွဲပြီး ရုံးပိတ်ခဲ့ရပါတယ်။

အရှေ့စုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က “လူစုလူဝေးနဲ့ ထောက်ပံ့ငွေ လေးသောင်း ကို လိုချင်တယ်လို့ လာတောင်းကြတော့ စာရင်းပါသူပဲ ရမယ်လို့ ပြောပေမဲ့ မပြန်ကြဘူး။ ရောဂါကြောက်တော့ နယ်ထိန်းရဲနဲ့ ခေါ်ပြီး လူစုခွဲခဲ့ရပါတယ်။ ငွေပေးမှုကို ရပ်ဆိုင်းပြီး ရုံးပါ ပိတ်လိုက်ရပါတယ်” လို့ အရှေ့စုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြောပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကတော့ အရင်စာရင်းမပါဘဲ ခုမှလာတောင်းလို့ မရ ကြောင်း၊ လိုချင်ရင် သက်ဆိုင်ရာ ရာအိမ်မှူးကနေတဆင့် နောက်တကြိမ်ထပ်တိုးတင်ပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီကို ပြောရမှာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

မိုးညှင်းမြို့နယ်မှာ အခြေခံလူတန်းစား အိမ်ထောင်စု ၁၀,၇၄၈ အတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၄၂၀၀ ကျော် နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်ခဲ့ရမှာ အခုအကြိမ်နဲ့ပါဆိုရင် ၅ ကြိမ်မြောက်ရှိ ပြီလို့သိရပါတယ်။

#credit