News

ဘေးထွက်ဆိုးကျိုး ထွက်ပေါ်ခဲ့မှုကြောင့် တရုတ် Sinovac ကုမ္ပဏီ၏ ကိုဗစ် ကာကွယ်ဆေး စမ်းသပ်မှုကို ဘရာဇီး ရပ်ဆိုင်း

ဆန္ဒအလျောက် ကာကွယ်ဆေး ပါဝင်စမ်းသပ်ခံသူမှာ ဆန့်ကျင်ဘက် အကျိုးဆက် ထွက်ပေါ်ခဲ့တာကြောင့် တရုတ် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီရဲ့ COVID-19 လက်တွေ့စမ်းသပ်မှုကို ရပ်ဆိုင်းလိုက်ကြောင်း ဘရာဇီး ကျန်းမာရေးဆိုင်ရာ စည်းကမ်းထိန်းချုပ်ရေးအဖွဲ့က တနင်္လာနေ့မှာ ပြောဆိုပါတယ်။

ယင်းအတွက်ကြောင့် အလားအလာအကောင်းဆုံး ကာကွယ်ဆေးတွေထဲကတစ်ခုအတွက် ထိုးနှက်ချက်ဖြစ်စေခဲ့ပါတယ်။

အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Pfizer က ၎င်းတို့ရဲ့ ကိုဗစ် စမ်းသပ်ဆဲ ကိုဗစ်ကာကွယ်ဆေးဟာ ထိရောက်မှု ၉၀ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း ပြောဆိုလိုက်တဲ့ နေ့မှာပဲ တရုတ် ဆေးကုမ္ပဏီ Sinovac Biotech က ဖန်တီးတဲ့ CoronaVac ကာကွယ်ဆေးက ဆုတ်ယုတ်သွားတဲ့ အခြေအနေ ပေါ်ပေါက်ခဲ့ပါတယ်။

Pfizer ရဲ့ ထုတ်ပြန်ချက်ကြောင့် ကပ်ရောဂါ အဆုံးသတ်နိုင်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ မြင့်တက်လာကာ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တွေ မြင့်တက်သွားစေခဲ့ပါတယ်။

အောက်တိုဘာ ၂၉ ရက်မှာ ပြင်းထန်ဆိုးဝါးတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့တာကြောင့် CoronaVac ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုကို ရပ်ဆိုင်းလိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဘရာဇီး စည်းကမ်းထိန်းချုပ်ရေးအဖွဲ့ Anvisa က ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

ကိုယ်ရေးကိုယ်တာဆိုင်ရာ ထိန်းချုပ်ရမှုတွေကြောင့် ဖြစ်ပျက်ခဲ့မှု အသေးစိတ်ကို ထုတ်ပြန်မပေးနိုင်ပါကြောင်း သို့ပေမယ့် ဆိုးကျိုးဖြစ်ပေါ်ခဲ့မှုတွေထဲမှာ သေဆုံးခြင်း၊ ဆိုးဝါးသော ဘေးထွက်ဆိုးကျိုးများ၊ ဆေးရုံတက် ကုသရခြင်း၊ မွေးရာပါ ချို့ယွင်းချက်များနဲ့ အခြား လက်တွေ့စမ်းသပ်မှုဆိုင်ရာ သိသာထင်ရှားတဲ့ ဖြစ်ရပ်များ ပါဝင်ခဲ့ကြောင်း Anvisa က ဆိုခဲ့ပါတယ်။

သို့ပေမယ့် ဘရာဇီးရဲ့ ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု အစီအစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်နေခဲ့တဲ့ ပြည်သူ့ကျန်းမာရေးစင်တာ Butantan Institute ကတော့ ယခု ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်ရကြောင်း ပြောဆိုခဲ့ပါတယ်
#credit