Celebrities

ငွေကြေးပြည့်စုံတဲ့တိုင်းပြည်မဟုတ်ပေမယ့် လိုအပ်တာမှန်သမျှဖြည့်ဆည်းကြတဲ့ အစိုးရနဲ့အလှူရှင်တွေကို ကျေးဇူးတင်စကားဆိုခဲ့တဲ့ ချစ်သုဝေ

ခေတ်သစ်ဖောင်ဒေးရှင်းကနေတဆင့် လိုအပ်တာတွေကို ကူညီဖို့အမြဲအသင့်ရှိနေသူ ချစ်သုဝေကတော့ မနေ့က ရိုးမဆောင်ဘက်မှာ သွားရောက်လှူဒါန်းရင်း သူရရှိလာတဲ့ပီတိလေးတွေကို ပရိသတ်ကြီးကိုပါ မျှဝေခဲ့ပါတယ်။ ရိုးမဆောင်ကတော့ ရန်ကုန်မှာ Q Center တွေမလုံလောက်မှုကြောင့် ထပ်မံတိုးချဲ့ခဲ့တဲ့အဆောင်တွေဖြစ်ပြီး စတင်လည်ပတ်ချိန်မှာ တော်တော်လေးအဆင်မပြေကြောင်း Q ဝင်ကြသူတွေ မှတ်ချက်ပေးခဲ့ကြတဲ့အဆောင်တွေပါ။

ဒါပေမယ့်အခုချိန်မှာတော့ ပြည်သူတွေရဲ့အသံကို လျစ်လျူမရှုဘဲ အစွမ်းကုန်ဖြည့်ဆည်းပေးနေကြတဲ့ အစိုးရနဲ့နိုင်ငံဝန်ထမ်းတွေ၊ အလှူရှင်တွေရဲ့အားကြောင့် အဲကွန်းတွေ၊ Volunteer တွေအတွက်လည်း လိုအပ်တဲ့ကာကွယ်ရေးပစ္စည်းတွေ၊ အစားအသောက်ကအစ အစစအရာရာအဆင်ပြေနေတာကို မြင်တွေ့ခဲ့ရတဲ့အပြင် ရှေ့ဆက်လုပ်ဆောင်သွားမယ့် အရာတွေကိုလည်း ကြားသိရတာကြောင့် အတော်လေးကြည်နူးဝမ်းသာမိကြောင်း ရေးသားမျှဝေခဲ့တာပါ။

သူကိုယ်တိုင်လည်း မနေ့က ရိုးမအဆောင်တွေအတွက် အဝတ်အခြောက်ခံစက် (၉) လုံး၊ scrub suit အစုံ(၁၂၀)၊ Volunteer တွေ PPE ချွတ်ချိန်ယားတတ်ကြတာမို့ ပေါင်ဒါဘူးတွေ၊ ထူးရေခဲမုန့်၊ အာလူးကြော်၊ ဆိတ်ထောင်းလက်ဖက်နဲ့ ထမင်းဘူးတွေကို လှူဒါန်းပေးခဲ့ပါတယ် ပရိသတ်ကြီးရေ.. အစစအရာရာမပြည့်စုံတဲ့တိုင်းပြည်ဖြစ်ပေမယ့် ကိုဗစ်ရောဂါကာကွယ်ရေးအတွက် အစိုးရနိုင်ငံဝန်ထမ်းတွေနဲ့ ပြည်သူတွေ တတ်စွမ်းသမျှဖြည့်ဆည်းပေးနေတာတော့ တကယ်ကို ကြည်နူးပီတိဖြစ်စရာအမှန်ပါပဲနော်။

#credit