Local News

မိတ္ထီလာတွင်စည်းရုံးရေးလှည့်နေသော ပြည်ခိုင်ဖြိုးဝန်းရံသူများနှင့် ရွာခံ ဒီချုပ်ပါတီ ထောက်ခံသူများ ပြဿနာဖြစ်၊

Zawgyi

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ညောင်ကိုင်းကျေးရွာတွင် ယနေ့ စက်တင်ဘာ(၂၀) ရက်နေ့လည်ပိုင်းက မဲဆွယ်စည်းရုံးရေး လှည့်လည်လာသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) ဝန်းရံထောက်ခံသူများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ဒီချုပ်) ထောက်ခံသူ ဒေသခံများ ပြဿနာဖြစ်ပွားခဲ့ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ညောင်ကိုင်းကျေးရွာသို့ စည်းရုံးရေးရောက်ရှိလာသော ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံသူများနှင့် ကျေးရွာရှိ နေအိမ်တွင် ဒီချုပ်ပါတီ အောင်နိုင်ရေးသီချင်းများဖြင့် ကခုန်နေသော ဒီချုပ်ပါတီ ထောက်ခံသူများအကြား ပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒီချုပ်ပါတီ အလံတိုင်ကို ချိုးဖျက်ရာမှ ပြဿနာ စတင်ခြင်းဟု ပြဿနာဖြစ်ပွားရာတွင် ပါဝင်ခဲ့သော ညောင်ကိုင်းကျေးရွာ ဒေသခံအချို့က ဆိုသည်။

ထိုသို့ ပြဿနာ ဖြစ်ပွားချိန် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံသူများက ခဲနှင့် ပစ်ပေါက်သဖြင့် လူနေအိမ်သုံးလုံး ခေါင်မိုးနှင့် အကာများ ထိခိုက်ပျက်စီးမှု ရှိခဲ့သလို ရွာခံ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိကြောင်း၊ ကျေးရွာအဝင်ဆိုင်းဘုတ်ပါ ပျက်စီးသွားကြောင်း ညောင်ကိုင်းကျေးရွာ ဒေသခံ ဒီချုပ်ပါတီ ထောက်ခံသူများက စွပ်စွဲပြောကြားသည်။

”ကလေးတွေက မနက်ခင်းစည်းရုံးရေး ဆင်းပြီးတော့ ပြန်လာပြီး ဒီမှာဝိုင်းထဲမှာ အလံတွေ ဗုံတွေနဲ့ ကနေတာ။ အဲဒီ ပြည်ခိုင်ဖြိုး အဖွဲ့က လူက ဆိုင်ကယ်ကို ရပ်ပြီးတော့ အလံတိုင်ကို ဆင်းပြီးချိုးလို့ ပြသနာဖြစ်သွားတာ”ဟု ပြဿနာဖြစ်ပွားချိန် နေအိမ်ခဲဖြင့် ပစ်ပေါက်ခံခဲ့ရသည်ဆိုသော ညောင်ကိုင်းကျေးရွာမှ ဒေါ်ခင်စောဝင်းက ပြောသည်။

ကျေးရွာဆိုင်းဘုတ် ဖျက်ဆီးသူများကို ရှာဖွေဖော်ထုတ်ကာ ဥပဒေအရ အရေးယူမည်ဟု ညောင်ကိုင်းကျေးရွာ အုပ်ချုပ်ရေးမှုး ဦးနေလင်းထွန်းက ဆိုသည်။အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူအချို့ထံ ဆက်သွယ်မေးမြန်းရာ အကြောင်းအရင်း မသိရသေးဟု ပြည်ခိုင်ဖြိုးပါတီ မိတ္ထီလာမြို့နယ် ဥက္ကဌ ဦးမြင့်စန်းက ဖြေကြားသည်။

”ကျွန်တော်တို့ဆီမှာ သူတို့ သတင်းပို့တာတော့ မရှိဘူးဗျ။ အဲဒီလိုမျိုး မရှိသေးပါဘူး။ ကျွန်တော်တို့က ပါတီ အစီအစဉ်နဲ့ ဘာမှ လုပ်ခိုင်းမထားဘူး။ အားလုံးပဲ ရပ်ခိုင်းထားတယ်။ သူတို့ဘာသူတို့ သွားကြတော့ အဲဒီလိုတွေ ရှိကြတော့ ဖြစ်တယ်လို့တော့ ကျွန်တော်တို့ဆီကို မရောက်သေးဘူးဗျ ”ဟု ဦးမြင့်စန်းက ပြောသည်။

ဒီချုပ်ပါတီ မိတ္ထီလာမြို့နယ် ဥက္ကဌ ဒေါက်တာ ဝင်းစိုးဦးကမူ အထက်ပါ ပြဿနာဖြစ်ပွားမှုနှင့် ပတ်သက်၍ဒေသခံ ပါတီဝင်အချို့က သတင်းပို့ပြီးဖြစ်ကြောင်းနှင့် ခဲဖြင့်ပစ်ပေါက်ခံရသည့် နေအိမ်သည် ရပ်ကျေးပါတီ ရုံးဖြစ်ပြီး အလံထောင်ကာ သီချင်းဖွင့်နေစဉ် ပါတီအလံကို ဖျက်ဆီးကာ ရန်ပြုခဲ့သည်ဟု သိရကြောင်း ပြောသည်။အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သူကမျှ အမှုဖွင့် တိုင်တန်းခြင်းမျိုး မရှိသေးပေ။

လာမည့် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများကို စက်တင်ဘာ(၈)ရက်မှ နိုဝင်ဘာ(၆)ရက်အထိ မဲဆွယ်စည်းရုံးခွင့် ပြုထားသည်။

မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်များတွင် ပြည်ခိုင်ဖြိုးပါတီနှင့် ဒီချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းများ အပါအဝင် အခြားနိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ Credit:mandalayindepthnews