Lifestyle

ကမ္ဘောဇဘဏ်ကသိန်းထောင်ချီတန်ဖိုးရှိ ရွေ့လျားကိုယ်အပူချိန်တိုင်းစက်(၆)လုံးပေးအပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ငွေကျပ် သိန်း (၁၂၀၀) ခန့် တန်ဖိုးရှိ ရွေ့လျားကိုယ်အပူချိန်တိုင်းစက် (၆)လုံးကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံ ကမ္ဘောဇဘဏ် အထွေထွေမန်နေဂျာ ဦးမြင့်ဦးက စက်တင်ဘာလ (၄) ရက်နေ့တွင် ပေးအပ်လှူဒါန်းခဲ့ပါသည်။

အဆိုပါကိုယ်အပူချိန်တိုင်းစက်များကို မော်တော်ယာဉ်များတွင် ထည့်သွင်းတပ်ဆင်ကာ မြို့နယ်၊ ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ ကိုယ်အပူချိန်များကို တိုင်းတာနိုင်မည် ဖြစ်သဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းကို များစွာ အထောက်အကူပြု လုပ်ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။

အခမ်းအနား၌ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြည့်သူ့ကျန်းမာရေးနှင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကမ္ဘောဇဘဏ်မှ လှူဒါန်းသည့် ရွေ့လျားကိုယ်အပူချိန်တိုင်းစက် (၆)လုံးကို အမြန်ဆုံး တပ်ဆင်ပြီး လာမည့် ရက်သတ္တပတ်မှ စတင်ကာ လူနေထူထပ်သည့် ရန်ကုန်မြို့နှင့် တိုင်းဒေသကြီးအတွင်း အသုံးပြုနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ပူးပေါင်းအားဖြည့်ကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဇဘဏ်သည်COVID-19ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက် COVID-19 ရောဂါ မဖြစ်ပွားခင် ဖေဖေါ်ဝါရီလ(၂၆)ရက်မှ စတင်ကာ၊ ယနေ့အချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ် ( ၆၁,၆၄၂) သိန်း၊ (သိန်းပေါင်း ခြောက်သောင်း တစ်ထောင် ခြောက်ရာလေးဆယ့်နှစ်) လှူဒါန်းထားရှိပြီးဖြစ်သည်။

ကမ္ဘောဇဘဏ်သည် နိုင်ငံတော်နှင့်ပြည်သူအတွက် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ပေးအပ်လှူဒါန်းလျက်ရှိပြီး ယနေ့အထိ ကျပ်ငွေ (၁၆၆) ဘီလီယံကျော် လှူဒါန်း ခဲ့ပြီးဖြစ်သည်။

credit: kbznews