Dhamma

သီတဂူဆရာတော်ကြီး ကိုဗစ်ရောဂါကူးစက်ခံရသည်ဟု သတင်းမှားများ ထွက်ပေါ်နေ

သီတဂူဆရာတော်ကြီး အရှင်ဉာဏိဿရ ကိုဗစ်ရောဂါကူးစက်ခံရကြောင်း လူမှုကွန့်ရက်တွင် ဖြန့်ဝေနေသော သတင်းများမှာ သတင်းမှားသာဖြစ်ကြောင်း ဆရာတော်ကြီးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ဆရာတော်ကြီး ခွဲခန်းသုံးဝတ်စုံဖြင့်ဓာတ်ပုံကိုအသုံးပြုကာ သီတဂူဆရာတော်ကြီး ကိုဗစ် ကူးစက်ခံထားရကြောင်းကောလာဟလ သတင်းမှားများဖြန့်ဝေမှုနှင့်ပတ်သက်၍ သီတဂူဆရာတော်ကြီး၏ အနီးကပ် ဒကာတဦးထံNews Watch ကဆက်သွယ်မေးမြန်းရာတွင် ဆရာတော်ကြီးမှာ ကျန်းကျန်းမာမာ သီတင်းသုံးနေကြောင်း၊ယင်းမှာ သတင်းမှားသာဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

“ဘာရောဂါမှ မကူးဘူး။ ကျန်းကျန်းမာမာပဲ။ဒီကနေ့တောင် ရဟန်းခံရှင်ပြုတောင် လုပ်လိုက်သေးတယ်။မနေ့က နေ့လယ်ကပဲ ရန်ကုန်ကပြန်ကြွသွားတာ။ နေ့ဆွမ်းစားပြီး စစ်ကိုင်းပြန်သွားတာ။ကိုဗစ်ကူးတယ်ဆိုတာ သတင်းမှားပဲ”ဟု ၎င်းကပြောသည်။

လူမှုကွန်ရက်တွင်ဖြန့်ဝေနေသည့်ဓာတ်ပုံများမှာ စစ်တွေပြည်သူ့ဆေးရုံ၌ ခွဲခန်းသုံးပစ္စည်းလှူဒါန်းရန် သွားရောက်ခဲ့စဉ်က ဓာတ်ပုံများဖြစ်သည်ဟု ၎င်းက ပြောသည်။သီတဂူဆရာတော်ကြီး၏ သတင်းများကို ပြန်ကြားပေးနေသည့် အခြားဒကာတဦးဖြစ်သူ ဦးမောင်မောင်ကလည်း“ဆရာတော်ကြီး ကိုဗစ်ကူးတာ မဟုတ်ပါဘူး။ သတင်းမှားပါ”ဟု အတည်ပြုပြောဆိုသည်။