ရခိုင်ပြည်နယ် စစ်တွေမြို့မှ မန္တလေးမြို့သို့ လာရောက်ကာ စခန်းမှူးသင်တန်း တက်ရောက်နေစဉ် ကိုဗစ် ရောဂါပိုး
ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် ရဲအုပ်နှင့်အတူ သင်တန်းတက်ရောက်နေသည့် အခြားရဲတပ်ဖွဲ့ဝင်
သင်တန်းသား (၁၀၁)ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းပန်း
ဆိုင်က အတည်ပြုပြောကြားလိုက်သည်။
အဆိုပါ ပိုးတွေ့လူနာ ရဲအုပ်သည် သြဂုတ် (၁၇) ရက်တွင် အခြား ရဲတပ်ဖွဲ့ဝင် (၆) ဦးနှင့်အတူ ရခိုင်ပြည်နယ်မှ စတင်
ထွက်ခွာလာခဲ့ပြီး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ရဲအရာရှိသင်တန်းကျောင်း၌ သင်ကြားပို့ချနေသည့် စခန်းမှူး
သင်တန်းသို့ သြဂုတ် (၂၄) ရက်မှစတင်ကာ သုံးရက် တက်ရောက်ပြီး ဖြစ်သည်ဟု ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။
မန္တလေးမြို့ ရဲအရာရှိအတတ်သင်ကျောင်း၊ သင်တန်းခန်းမ၌ စခန်းမှူးသင်တန်း အမှတ်စဉ် (၆၇/၂၀၂၀)ကို သြ
ဂုတ် (၂၄) ရက်မှ (၂၈) ရက်အထိ ဖွင့်လှစ်သင်ကြားနေခြင်း ဖြစ်ပြီး သင်တန်းသား (၁၀၂) ဉီး တက်ရောက်လျှက်ရှိ
ကြောင်း သတင်းရရှိသည်။
“ပိုးတွေ့တဲ့ဟာက မန္တလေး ရဲအရာရှိ သင်တန်းကျောင်းမှာ လာပြီးတော့ စခန်းမှူးသင်တန်း လာတက်တဲ့ ရဲအရာရှိ။
ရခိုင်ပြည်နယ်ကနေ သင်တန်းသား (၇) ယောက် လာပါတယ်။ စစ်ကြည့်တဲ့ အခါကျတော့ တစ်ယောက်က
Positive ဖြစ်တယ်။ ကျန်တဲ့ (၆) ယောက်က Negative ဖြစ်တယ်။ စခန်းမှူးသင်တန်း လာတက်တဲ့ ရဲအရာရှိတွေ
ပေါ့။ စစ်တွေကနေ ၁၇ ရက်နေ့ ထွက်တယ်။ မန္တလေးကို ဒီသင်တန်းကို ၂၃ ရက်နေ့က ရောက်တယ်။ စစ်တာက
၂၆ ရက်မှာ” ဟု ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။
ကိုဗစ်-၁၉ အတည်ပြုလူနာ အသက် (၄၀) အရွယ် ရဲအုပ်သည် စစ်တွေမြို့မှ ဖြစ်ပြီး မန္တလေးသို့ ရောက်ရှိချိန်တွင်
အတူလာရောက်သည့် အခြား ရဲတပ်ဖွဲ့ဝင် (၆) ဦးနှင့်အတူ သီးသန့်အဆောင်တစ်ဆောင်၌ နေထိုင်သည်ဟု
ဆိုသည်။
ကျောင်းအုပ်က သူတို့ (၇) ယောက်ကို သီးသန့်အဆောင် တစ်ဆောင် ပေးထားတယ်လို့ ပြောတယ်။ ပေးထားပြီးမှ
ကျွန်တော်တို့က ရခိုင်ဘက်က လာတဲ့ ခရီးသည်တွေအကုန်လုံး swab (ဓာတ်ခွဲနမူနာ) ယူမယ်ဆိုပြီးတော့ သူတို့ ဒီ
သင်တန်းကျောင်းမှာလည်း ရခိုင်ကနေ လာတဲ့သူတွေ စခန်းမှူးသင်တန်းသား (၇) ယောက် ရှိတယ်ဆိုတဲ့ဟာကို ၂၆
ရက်မှာ ယူလိုက်တယ်။ ယူလိုက်တဲ့အချိန် တစ်ယောက်က postive ဖြစ်တယ်ဆိုတော့ သံဃာ့ဆေးရုံကနေပြီးတော့
ကန်တော်နဒီတော့ ရောက်သွားပြီပေါ့။ ကျန်တဲ့ (၆) ယောက်က ဒီရဲသင်တန်းကျောင်းမှာပဲ ခုလောလောဆယ် သူတို့
ကို ဒီလိုပဲ သီးသန့်ထားတယ်ပေါ့” ဟု ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။
အဆိုပါ ရဲအုပ်သည် သင်တန်း သုံးရက် တက်ပြီးဖြစ်၍ စခန်းမှူးသင်တန်း တက်ရောက်နေသည့် အခြား
သင်တန်းသား ရဲတပ်ဖွဲ့ (၁၀၁) ဦးနှင့် သင်တန်းဆရာများအား ယနေ့ သြဂုတ် (၂၈) ရက်တွင် ဓာတ်ခွဲနမူနာ ရယူ
စစ်ဆေးမည်ဟု မန္တလေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းထုတ်ပြန်ရေး ကော်မတီ ဥက္ကဌလည်း
ဖြစ်သူ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။
လက်ရှိတွင် ကိုဗစ်ပိုးတွေ့လူနာ ရဲအုပ်အား မန္တလေးမြို့ ကန်တော်နဒီဆေးရုံသို့ ပို့ဆောင် ကုသပေးထားသည်။
အများပြည်သူ အနေဖြင့် အပြင်ထွက် သွားလာလျှင် Mask နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လူစုလူဝေး ရှောင်ကြဉ်ခြင်း၊
လက်ကို ဆပ်ပြာဖြင့် မကြာခန ဆေးကြောခြင်းကဲ့သို့ ကိုဗစ်-၁၉ ကာကွယ်ရေး အသိပေးညွှန်ကြားချက်များကို
အလေးထားလိုက်နာကြရန်လည်း ဝန်ကြီးက တိုက်တွန်းသည်။credit