Lifestyle

သင်္ချိုင်းကုန်းထဲမှာ ထမင်းစားခဲ့တဲ့ ကျောင်းဆရာ(ဖြစ်ရပ်မှန်)

Zawgyi

သင်္ချိုင်းကုန်းထဲမှာ ထမင်းစားခဲ့တဲ့ ကျောင်းဆရာ (ဖြစ်ရပ်မှန်)။ ကျွန်တော် တောကျောင်းကနေ မြို့ကျောင်းကို ပြောင်းလာပေမယ့် မြို့ပေါ်ကျောင်းမှာနေရတာ မဟုတ်ဘူး။ မြို့နဲ့မနီးမဝေး မူလတန်းကျောင်းလေးကို

ရောက်လာတယ်။ လေးတန်းအတန်းပိုင် တာဝန်ယူရတယ်။ ကျောင်းက ယိုင်တိုင်တိုင် စုတ်ချာချာ။ မိုးရွာ လေတိုက်ရင် မိုးလွတ်တဲ့နေရာ ခိုနေကြရတယ်။ ကျွန်တော့်လေးတန်းမှာ ကျောင်းသား ၂၄ ယောက် ရှိတယ်။

အဲဒီခေတ်က အုပ်စုလိုက်စစ်ဆိုတော့ အစိုးရစစ်လိုပဲ။ တစ်ကျောင်းနဲ့တစ်ကျောင်း ပြိုင်နေကြတာဆိုတော့ တန်းလုံးကျွတ်အောင်တာကို ဂုဏ်ရှိတယ် ထင်နေကြတာ။ ကျွန်တော့် ကျောင်းအုပ်ကြီးကတော့ တဝက်အောင်ရင်

တော်ပြီ ဆိုပြီးနေတာ။ အတန်းထဲက ကလေးတွေ မဆိုးပါဘူး။ အရည်အချင်းလေးတွေတော့ အရှိသား။ လေ့ကျင့်အား နည်းနေတယ်လို့ သုံးသပ်တယ်။ အရင်က ကျောင်းအုပ်ဆရာကြီးက တာဝန်ယူထားတာကိုး။ သူလည်း

တခါတရံ သူ့ကိုယ်ရေးကိုယ်တာ ရှိလေတော့ အကြောင်းပြပြီး ကျောင်းလာတစ်ချက်၊ မလာတစ်ချက်ဆိုတော့ ကလေးတွေ ပညာငတ်နေကြတာပေါ့။ ကျွန်တော် အတန်းပိုင်ဖြစ်တော့ ကလေးတွေတစ်ဦးချင်းကို လေ့လာရတယ်။

အားလုံးအနေအထား ကောင်းတယ်။ တန်းလုံးကျွတ်အောင်နိုင်တဲ့ အနေအထားမှာရှိတယ်။ ကျွန်တော်ကလည်း တာဝန်ယူခဲ့တဲ့ကျောင်းတိုင်းမှာ တန်းလုံးကျွတ်အောင်တာကိုမှ ဂုဏ်ယူတတ်တာဆိုတော့ မောင်းရတော့တာပေါ့။

အတန်းထဲမှာ ဖြူမဆိုတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်။ ဖြူဖြူသေးသေးလေး။ စာအတော်လေး ညံ့တယ်။ လက်ရေး ညံ့တယ်။ သေသေချာချာ လေ့လာကြည့်တော့ ဖြူမက ဉာဏ်ကောင်းတယ်။ ဒါပေမဲ့ သူ့ကို အတန်းထဲက

အတန်းဖော်တွေက သိပ်အရောမဝင်တော့ ဂျစ်တစ်တစ်၊ ညစ်တစ်တစ် လုပ်ချင်နေတာ။ ကျွန်တော်က သူ့ကို လက်ရေးက စပြင်တော့ ကျွန်တော့်ကို နည်းနည်း အသိအမှတ်ပြုစဖြစ်လာတယ်။ တစ်နေ့တော့ ရွာထဲမှာ မဟာဒုတ်ပွဲ

ဆိုပြီး အလှူတွေခံကြ၊ ပွဲတွေခံကြ၊ အကြီးအကျယ်လုပ်တယ်။ ကျွန်တော် ကလေးတွေရဲ့ လေ့ကျင့်ခန်း စာအုပ်တစ်ထပ်ကြီးနဲ့ အလုပ်ရှုပ်နေချိန်မှာ ဖြူမက မရဲတရဲ ကျွန်တော့်နားကပ်လာပြီး “ဆရာ သမီးတို့အိမ်က

မဟာဒုတ် ဘုရားမဲပေါက်တယ်။ အဖေက ဆရာ့ကို အိမ်မှာ ထမင်းလာစားပါလို့ ဖိတ်ခိုင်းလိုက်လို့”။ ကျွန်တော်ကလည်း သာမန်လောက်ပဲ ထင်ပြီး “အေး အေး” လို့ပြောလိုက်တော့ သူက ထပ်ပြီး သေချာအောင်

“တကယ် လာမှာလားဆရာ အဖေ့ကို ပြန်ပြောလိုက်မယ်” ကျွန်တော်ကလည်း သာမန်လောက် သဘောထားပြီး ခေါင်းငြိမ့်ပြလိုက်တယ်။ ညနေကျောင်းဆင်းတော့ ကလေးတွေအားလုံး မရှိချိန်မှာ ဆရာမတစ်ယောက်က

ကျွန်တော့်ဆီလာပြီး “ဆရာ ဖြူမတို့အလှူကို ဆရာ တကယ်သွားမှာလား”လို့ လာမေးတယ်။ “သွားမှာပေါ့ ဆရာမရဲ့၊ ဘာဖြစ်လို့လဲ” “ဖြူမတို့က သုင်းထဲမှာနေတာဆရာ။ သူ့အဖေက သုဘရာဇာ၊ ဆရာသွားလို့

ဖြစ်ပါ့မလား”။ ကျွန်တော် ဘာဖြစ်လို့ ဖြူမတစ်ယောက် သိမ်ငယ်စွာနဲ့ အတန်းထဲမှာ ဖြစ်နေတယ်ဆိုတာ သဘောပေါက်လိုက်တယ်။ ဘာဖြစ်ဖြစ် အဲဒီအလှူကို ကျွန်တော် သွားဖြစ်အောင်သွားဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်တစ်နေ့ ကျောင်းကို စောစောလာတော့ ဖြူမက ကျောင်းလှေခါးကနေ လာစောင့်နေတယ်။ ကျွန်တော့် လွယ်အိတ်လေးကို လာပြေးယူပြီး “ဆရာ သမီးနဲ့ တစ်ခါတည်းလိုက်ခဲ့မှာလား”လို့ မေးလိုက်တယ်။ ကျွန်တော်လည်း

ခေါင်းငြိမ့်ပြလိုက်ပြီး သူ့နောက်ကလိုက်ခဲ့တယ်။ သချိုင်းက ရွာပြင်မှာ။ ကျွန်တော် သချိုင်းထဲဝင်လိုက်ချိန်မှာ အုတ်ဂူကြားလေးတွေကနေ ချောင်းကြည့်နေကြတဲ့ ကလေးအချို့ကိုလည်း တွေ့လိုက်ရတယ်။ သချိုင်းနဲ့ လှမ်းလှမ်းက

ကုန်းလေးပေါ်မှာ ဝါးတဲလေးတစ်ခုရှိတယ်။ သပ်ရပ်ပြီး ပြောင်နေတယ်။ အခင်းတွေက ဝါးခင်းတွေပဲ။ ကျွန်တော် အိမ်ပေါ်တက် ထိုင်လိုက်ချိန်မှာ ဖြူမရဲ့အဖေက အခန်းထဲကထွက်လာပြီး ဘာပြောရမှန်းမသိသလိုနဲ့ ယောင်နန

ဖြစ်နေတယ်။ သူက ”မထင်ပါဘူး ဆရာကြီးရယ်၊ သမီးက ပြောလို့သာ၊ ဆရာကြီး တကယ်လာမယ်လို့ ကျွန်တော် လုံးဝ မထင်ထားပါဘူး”တဲ့။ တုန်တုန်ရီရီနဲ့ ပြောရှာတယ်။ ကျွန်တော်ကလည်း “ကိုကျော်မင်းရယ် ခင်ဗျားအိမ်ကို

မဟာဒုတ်မဲပေါက်လို့ ဘုရားတောင် ကြွလာသေးတာပဲ။ ကျုပ်က ဘာလို့ မလာရမှာလဲ”လို့ ပြောလိုက်တယ်။ ထမင်းဝိုင်းပြင်ပြီးတော့ ကျွန်တော့ကို တပည့်ဖြူမက လာခေါ်တယ်။ အိမ်ဦးခန်းမှာ နေရာယူပြီး စားဖို့ပြင်တော့

ကျွန်တော် တစ်ယောက်တည်း။ ကျွန်တော်က ”ကိုကျော်မင်း လာလေဗျာ။ ကျွန်တော်တစ်ယောက်တည်း။ ခင်ဗျားလည်း လာစားလေ” လို့ ပြောလိုက်တော့ ဖြူမအဖေက အတင်းငြင်းတယ်။ နောက်ဆုံး ကျွန်တော်က

“ကိုကျော်မင်း ခင်ဗျားမစားရင် ကျွန်တော်လည်း မစားဘူး”ဆိုမှ ဝင်ထိုင်တယ်။ ထမင်းဝိုင်းမှာ ကျွန်တော်ကြိုက်တဲ့ ငါးဘတ်ခေါင်းကို ကြက်ပေါင်သီးနဲ့ ချက်ထားတာ တွေ့လိုက်ရတယ်။ ငပိရည် တို့စရာတွေကလည်း

စုံနေတာပဲ။ ကိုကျော်မင်းက ကျွန်တော့်ပန်းကန်ထဲကို ငါးဘတ်ခေါင်းကြီး တစ်ခေါင်းလုံး ခတ်ထည့်ပေးလိုက်တယ်။ ကျွန်တော်က တစ်ဝက်ဖဲ့ပြီး သူ့ပန်းကန်ထဲ ပြန်ထည့်ပေးလိုက်ရော ကိုကျော်မင်း ထမင်းဝိုင်းကနေ ထပြေးပြီး

အိမ်ခန်းထဲ ဝင်သွားတော့တယ်။ အိမ်ခန်းထဲမှာ ဟီးဟီး ဆိုတဲ့ ငိုသံကြီး ကြားလိုက်ရတော့ ကျွန်တော်တောင် မျက်ရည်ဝဲတယ်။ တအောင့်နေတော့ ပြန်ထွက်လာပြီး “ဆရာကြီးရယ် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို

သုဘရာဇာဆိုပြီး တစ်ရွာလုံးက အဖက်လုပ်ကြတာ မဟုတ်ဘူး” လို့ ပုဆိုးနဲ့ မျက်ရည်တွေသုတ်ပြီး ပြောတယ်။ ကျွန်တော် သူ့ကို တရားဟော မနေတော့ဘူး။ ထမင်းကို ဆာဆာနဲ့ အားရပါးရ စားပြလိုက်တယ်။ သူတို့ မိသားစုလည်း

ဝမ်းသာလွန်းလို့ ပီတိဖြစ်နေတာကို ကျွန်တော် မျက်ရည်မကျမိအောင် မနည်းထိန်းရင်းက စားနေရတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ပဲသိတယ်။ အဲဒီနေ့ကစပြီး ဖြူမ အချိုးပြောင်းလာတယ်။ ခိုင်းရင်လုပ်တယ်။ အရမ်းကြိုးစားတယ်။

အဲဒီကလေးအတွက် စိတ်ပူနေရာက နောက်ဆုံး စတုတ္ထတန်းအောင်စာရင်းထွက်လာတော့ ကျွန်တော့်ကလေး ၂၄ ယောက်စလုံး အောင်တယ်။ ဒီရွာသမိုင်းမှာ တန်းလုံးကျွတ်အောင်တဲ့ ပထမဆုံးအောင်ပွဲပဲ။ ကျွန်တော့်အောင်ပွဲက

ဒီမှာတင် မရပ်ဘူး။ ကျောင်းအိုကျောင်းဟောင်းလေးကို ပြင်ဆောက်ဖို့ ရွာထဲလိုက် အလှူခံတော့ ဆေးလိပ်ခုံ တစ်ခုကို ရောက်သွားတယ်။ ဆေးလိပ်ခုံသူဌေးက ကျွန်တော့်ကို ကြည့်ပြီး “သချိုင်းထဲ ထမင်းသွားစားတဲ့

ဆရာလား”လို့ မေးလိုက်တယ်။ သူကကျွန်တော့်ကို အိမ်ထဲ ခေါ်သွားပြီး “ဆရာ့စိတ်ဓာတ်ကို လေးစားတယ်ဗျာ။ ကျွန်တော်လည်း အဲဒီလိုဘဝက သူဌေးဖြစ်လာတာ။ ကိုင်း အလှူလိုက်ခံမနေနဲ့။ ဆရာ့ကျောင်းကို ကျွန်တော်

ပြန်ဆောက်ပေးမယ်။ ဒီနှစ်တန်းလုံးကျွတ် အောင်တယ် ဆိုကတည်းက ဘာလုပ်ပေးရင်ကောင်းမလဲ စဉ်းစားနေတာ” လို့ ပြောလိုက်တယ်။ ကျွန်တော်ဒီကျောင်းနဲ့ ပတ်သက်ပြီး ဒုတိယတစ်ကြိမ် မျက်ရည်လည်ခဲ့ရတယ်။

ခုတော့ ကျွန်တော်မရှိတော့ပေမယ့် ကျောင်းလေးက တိုက်ကျောင်း၊ ကွန်ကရစ်လမ်းတွေနဲ့ စည်ကားနေပြီလို့ ကြားတယ်။ ဖြူမတစ်ယောက်လည်း ဘာတွေ ဖြစ်နေပြီလဲလို့ သိချင်လှတယ်။ ခရက်ဒစ် Tin Nyunt