Knowledge

တာဝန်ကျေတဲ့ “မိုင်းရှာခွေး” စစ်မှုထမ်းသက်ပြည့်လို့ ရာသက်ပန် အငြိမ်းစားယူခွင့်ပေးတဲ့ နှုတ်ဆက်ပွဲ

Zawgyi Font ဖြင့်ဖတ်ရန်

တန်ဘိုးရှိတဲ့သူတွေ စွန့်ခွာသွားကြပြီဆိုရင်တော့ တိရိစ္ဆာန်ပင်ဖြစ်နေပါစေ ဂုဏ်ပြုသင့်ပါသည်.. တာဝန်ကျေတဲ့ ” မိုင်းရှာခွေး ” အနားယူပြီဆိုတော့ သူ့သခင်နဲ့ ရဲဘော်ရဲဘက်တွေအားလုံးက လေးလေးစားစားနဲ့အလေးပြုနေကြတဲ့မြင်ကွင်းပုံရိပ်လေးကကြည်နူးစရာပါ…

ဒါကတော့ ထိုင်းက EOD Special Operation Police Division MPB က EOD-K9 မိုင်းရှင်းလင်းရေးခွေး ဟာ သတ်မှတ်ကာလ စစ်မှုထမ်းသက်ပြည့်လို့ ရာသက်ပန်အငြိမ်းစား အနားယူခွင့်ပေးလို့ နှုတ်ဆက်အလေးပြုနေကြပုံပါ.. (လူလိုဆိုလျှင် အငြိမ်းစားပင်စင်ယူတယ်ပေါ့ဗျာ)

သူတို့ဟာ နယ်မြေစိုးမိုးရေးနဲ့ အေးချမ်းသာယာစေဘို့ ထိုင်းတောင်ပိုင်းကအထူးစစ်ဆင်ရေးတွေမှာ အထူးကွန်မန်ဒိုတပ်ရင်းတပ်ဖွဲ့ / ရဲတပ်ရင်းတွေနဲ့ အတူရဲဘော်ရဲဘက်ပမာ သေအတူရှင်မကွဲ လှည့်ကင်း ၊ တိုက်ကင်း ၊ ကင်းပုန်း ၊ လှုပ်ရှားထွက်တဲ့အချိန် မသင်္ကာစရာပေါက်ကွဲစေတတ်တဲ့ မိုင်းဗုံးများ ၊ ကားဗုံးများ ၊ (နင်းမိုင်းတော့မရှိပါ) ကိုအနံ့ခံကာ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ပေးကြတဲ့ အထူးလေ့ကျင့်ထားသောခွေးစစ်သည်များသည် အရေးပါအရာရောက်လှပါသည် ။

ခွေကိုထိန်းကျောင်းတဲ့သခင်နှင့်ခွေးတို့ဟာအတူတကွနေထိုင်ပြီးရင်းနှီးဆက်ဆံမှုကလည်း တော်ယုံသံယောဇဉ်မဟုတ်ပါဘူး ၊ ခွေးရဲ့စွမ်းဆောင်ရည်မြင့်မားမှုကြောင့်အောင်မြင်မှုရလျှင် ခွေးသည်လည်းရာထူးတိုးသလို သူ့ကိုထိန်းကျောင်းတဲ့ အကြပ်စစ်သည်တို့သည်လည်း ရာထူးတဆင့်တိုးမြှင့်တိုးမြှင့် ဂုဏ်ပြုခံရပါသည် ။

ခွေးကိုခွေးလိုသိပ်လို့မရပါဘူး ၊ စနစ်တကျသိပ်ရပါသည် ၊ နားချိန်တန်နား ၊ ကျွေးချိန်တန်လျှင်လည်း သူ၏ရပိုင်ခွင့်ရိက္ခာ (Rations) ကိုစနစ်တကျကျွေးရပါသည် ။

ပုံမှာမြင်တွေ့ရတဲ့ ထိုင်းကွန်မန်စိုအထူးရဲတပ်ဖွဲ့က ရဲခွေးတွေဟာ အများဆုံး ၈ နှစ်ခန့်တာဝန်ထမ်းဆောင်ပြီး အနားပေးကာ သာမာန်ခွေးတို့ရဲ့သဘာဝအတိုင်း အငြိမ်းစားယူစေပြီး လွတ်လပ်ခွင့်ပေးကြရပါတယ်…

အဲ့ဒီအချိန်မှာ လုပ်ဖော်ကိုင်ဖက်များက သတိကိုမတ်နေအောင်ဆွဲပြီး ရင်ဘတ်ကြီးထဲကနေ ဂုဏ်ပြုနှုတ်ဆက် အလေးပြုနေကြပုံပါ ။

သူ့သခင်က ဆက်လက်မွေးထားမယ်ဆိုရင်လည်းရနိုင်သလို လေလံစျေးနဲ့ဘဲ ခွေးချစ်တတ်တဲ့တပ်ဖွဲ့ဝင်တွေကမွေးမြူချင်ရင်လည်းရပါတယ် ၊ သေချာမွေးမြူမယ့်သူရဲ့လက်ထဲကိုဘဲလွှဲပြောင်းပေးအပ်တယ်လို့သိရပါတယ် ။

တစ်ချို့ သောခွေးလေးတွေဆိုရင် စစ်မြေပြင်မှာ (သို့) အထူးစစ်ဆင်ရေးလှုပ်ရှားတဲ့ဂွင်မှာ အသက်တွေပေးဆပ်လိုက်ကြရတာလည်းရှိကြတာပေါ့ ၊ ဒါကမသေလို့ကျန်ခဲ့တဲ့ စစ်ပြန်ခွေးကြီး ပေါ့…

မည်သို့ဆိုပင်ဆိုစေကာမှု တန်ဘိုးရှိတဲ့သူတွေစွန့်ခွာသွားကြပြီဆိုရင်တော့ တိရိစ္ဆာန်ပင်ဖြစ်နေပါစေ လူသားတို့က ရိုသေစွာဂုဏ်ပြုနှုတ်ဆက်ခံနေရတာကိုက တစ်ချို့ချို့သော တန်ဘိုးမဲ့ အတ္တလူသားတွေထက်စာလျှင် မြတ်ပါတယ်လေ… (SiThuMaung)