Health & Knowledge

ပြင်းထန် Covid လူနာ ၈- ဦးကို သွေးရည်ကြည်ကုထုံးဖြင့်အောင်မြင်စွာကုသပေးနိုင်ခဲ့

ကမ္ဘာတစ်ဝှမ်းကူးစက်မြန်ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခဲ့တဲ့ မြန်မာနိုင်ငံက လူနာ ၃၀၀ ကျော်ထဲမှာ ရောဂါလက္ခဏာ ပြင်းထန်စွာခံစားရတဲ့ အတည်ပြုလူနာ ၈ ဦးကို သွေးရည်ကြည်ကုထုံးနဲ့ ကုသပေးခဲ့တယ်လို့ သွေးရည်ကြည်နဲ့ ကိုဗစ်-၁၉ ကုသရေး Ad-hoc အကြံပေးအဖွဲ့မှ သွေးရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဦးရဲမြက ပြောပါတယ်။

သွေးရည်ကြည်ကုထုံးနဲ့ ကုသပေးခဲ့တဲ့လူနာ ၈ ဦးမှာ အသက် ၇၀ အရွယ် အတည်ပြုလူနာ ၁ ဦး၊ အသက် ၆၀ အရွယ် လူနာ ၆ ဦးနဲ့ အသက်လတ်ပိုင်း ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးတို့ ပါဝင်ခဲ့ပြီး အဲ့ဒီအတည်ပြုလူနာ ၈ ဦးထဲက ၄ ဦးကို ဆေးရုံကဆင်းခွင့်ပြုခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်ရှိတဲ့ ၄ ဦးဟာလည်း ကိုဗစ်-၁၉ ရောဂါလက္ခဏာပြင်းထန်တာတွေ ပျောက်ကင်းခဲ့ပြီး နောက်ခံရောဂါတွေကို သက်သာအောင် ဆက်လက်ကုသပေးနေတယ်လို့ ဆိုပါတယ်။

“လူနာတွေအကုန်လုံးဟာ အားလုံးသိကြတဲ့အတိုင်း အဆုတ်ရောင်ပြီး အသက်ရှူခက်ခဲတာ ဖြစ်တယ်လို့ အများစုကသိကြပါတယ်။ ဒါပေမယ့် အဲ့ဒါအပြင် အဲ့ဒီလူနာတွေမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရဲ့ သွေးကြောထဲတစ်လျှောက်ဝင်ရောက်ပြီး သွေးခဲစေတာကြောင့် နှလုံး၊ ကျောက်ကပ် စတဲ့ ခန္ဓာကိုယ်ထဲက သွေးကြောရှိရာ အကုန်ဖျက်ဆီးတာမျိုးတွေရှိတော့ နှလုံးထိခိုက်တာနဲ့ ဦးနှောက်ထိခိုက်တာတွေကိုပါ တွေ့ရပါတယ်။ သွေးရည်ကြည်သွင်းကုသတဲ့ လူနာတွေထဲက ကိုယ်ဝန်ဆောင်အမျိုးသမီးဆိုရင် သူက အသက်ငယ်ပေမယ့် ကိုယ်ဝန်နဲ့ဖြစ်တဲ့အပြင် နှလုံးလည်း ထိခိုက်သွားတယ်၊ ဗိုက်ထဲကကလေးကလည်း ၇ လလောက် လမစေ့သေးတော့ တော်တော်ခက်ခဲ ခဲ့ပါတယ်။ နောက်တော့ သေချာစစ်ဆေးပြီး ကလေးကိုခွဲမွေးပေးခဲ့တယ်။ ကလေးလေးက ပေါင်ချိန် ၃ ပေါင်ကျော်ကျော်လေးဖြစ်ပါတယ်။ မိခင်ရော ကလေးရော ကျန်းမာပြီး ဆေးရုံကဆင်းပြီး နယ်ပြန်သွားပြီလည်း ဖြစ်ပါတယ်။ သွေးရည်ကြည်သွင်းကုတဲ့နည်းနဲ့ ကုသတဲ့ လူနာတွေဟာ ရောဂါပြင်းထန်တဲ့ လူနာတွေဖြစ်တဲ့အတွက် ကုသမှုဟာ တော်တော်ခက်ခဲခဲ့ပါတယ်” လို့ သွေးရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဦးရဲမြက ပြောပါတယ်။

ဆက်လက်ပြီးလည်း သွေးရည်ကြည်ကုထုံးနဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေထဲက ရောဂါပြင်းထန်တဲ့လူနာတွေကို ကုသပေးသွားဖို့ရှိနေပြီး ရောဂါပိုးပြန်လည်ပျောက်ကင်းသွားတဲ့ အတည်ပြုလူနာဟောင်းတွေထံကနေ သွေးရည်ကြည်အလှူခံသွားဖို့ အစီအစဉ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီဗြီဘီ