Dhamma

တစ်ဆူတည်းမှာပဲ ခေတ်ငါးခေတ်လက်ရာ ရှိနေတဲ့ ဘုရားကြီး

“ရှင်ပင်ရွှေဆပ်သွား ဘုရားကြီး”

ရှင်ပင်ရွှေဆပ်သွားစေတီဟာ မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်မြို့၏ အနောက်ဘက် ၅-မိုင်ခန့်အကွာ ညောင်ရွှေကွင်းအတွင်းမှာ တည်ရှိနေပါတယ်။ စေတီတော်ရဲ့ ဂန္ဓကုဋီတိုက်အတွင်းမှာတော့ သမိုင်းဝင် ရှေးဟောင်း ငါးထပ်ဆင်းတုတော် ကိန်းဝပ်နေတယ်။ ဒီဆင်းတုတော်ကတော့ ပုဂံ၊ပင်းယ၊အင်းဝ၊ညောင်ရမ်း၊ကုန်းဘောင် ခေတ်ငါးခေတ်လက်ရာ အဆင့်ဆင့် အထပ်ထပ် ပူဇော်ထားသည့် ရှေးမြန်မာမင်းများ ကုသိုလ်တော် ရှင်ပင်ရွှေဆပ်သွား ဘုရားကြီး ဖြစ်ပါတယ်။

ရှင်ပင်ရွှေဆပ်သွားစေတီတော်ရဲ့ ဘုရားသမိုင်းကတော့ အနော်ရထာမင်းဟာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဆည်မြောင်းများတည်ဆောက်ရန် လှည့်လည်သွားလာနေစဉ် အတွင်းမှာ ကျောက်ဆည်နယ် ညောင်ဝန်းရွာ အနီး ရောက်တဲ့အခါမှာ ဆင်တော်ဟာ အကြောင်းမရှိပဲ ဝပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြန်လည်ထစေပြီး ခရီးဆက်လာပြီးတဲ့နောက် အရှေ့မြောက်ဘက် ကိုက် ၅၀၀ အကွာခန့် ညောင်ရွှေရွာအနီးမှာ ထပ်ပြီးတော့ ဝပ်ပြန်ပါတယ်။

ဆင်တော် ၂ကြိမ်တိုင် ဝပ်တဲ့အခါ ဒါဟာအကြောင်းမဲ့ မဖြစ်နိုင်လို့ အနော်ရထာမင်းက တွေးမိတာကြောင့် သူ့ရဲ့ ပညာရှိအမတ်တွေကို မေးမြန်းခဲ့ပါတယ်။ ပညာရှိ ဟူးရားအမတ်များတွက်ကြည့်ကြည့်ပြီးတဲ့အခါမှာတော့ အရှင်အရဟံမထေရ်မြတ်ရဲ့ သြဝါဒနဲ့ အညီ နောင်လာနောက်သားတွေ ကိုးကွယ်ရန် ဘုရားစေတီတည်ပြီး သာသနာပြုစေဖို့ နိမိတ်ပြတာဖြစ်ကြောင်း ဆိုပါတယ်။ အနော်ရထာမင်းကလည်း စေတီတည်မယ်လို့ ဆုံးဖြတ်ခဲ့ပြီး တည်ရန်နေရာကို တိတိကျကျသိလိုတာကြောင့် အဓိဌာန်ပြုခဲ့ပြီးနောက် အဲဒီရွာမှာပဲ အာသောကမင်းကြီး တည်ခဲ့တဲ့ မုဌောစေတီဟောင်းတစ်ဆူကို တွေ့ခဲ့ပါတယ်။ စေတီဟောင်းရဲ့ နေရာမှာပဲ မူလစေတီကို ငုံကာ ၉တောင်ပြည့် စေတီကို တည်ထားခဲ့ပါတယ်။

ဆပ်သွားစေတီ ဆိုတဲ့ဘွဲ့အမည်ကိုတော့ စေတီတည်စဉ် အနော်ရထာမင်းဟာ အမည်မသိ အဖိုးအဖွား သူတော်စင်နှစ်ဦးတို့က ဆပ်သွားနှစ်ဖူး ဆပ်သလာခြင်း ကြောင့် လည်းကောင်း၊ စေတီတော်အတွင်း ဌာပနာသွင်းနိုင်ရန် ဘုရားရှင်၏ ဓာတ်တော်များကို ပင့်ဆောင်ကြသည့်အခါ ဓာတ်တော်များသည် ဆပ်သွားဖူးသဏ္ဍာန်ပုံပေါ်လာပြီး ဖူးမြင်လာကြသူများကိုလည်း ဆပ်သွားဖူးရနံ့များသင်းပျံ့မွှေးကြိုင်စေခဲ့သဖြင့် ” ဆပ်သွားစေတီ ” ဟုဘွဲ့တော်အမည်တွင်ကြောင်း မှတ်သားရပါတယ်။

ဒီစေတီကိုပဲ အင်းဝကျော်စွာမင်းလက်ထက်မှာ ၁ကြိမ် ၊ ကုန်းဘောင်ခေတ် အမရပူရ ဆရာတော် ဥုးဇိနမထေရ်မြတ် က နောက်တစ်ကြိမ် ၊ ရသေ့ဦးခန္တီက တစ်ကြိမ် ထပ်မံငုံကာ ဘုရားတည်ခဲ့ပါတယ်။ ခေတ်အဆက်ဆက် တည်ထားခဲ့သောသူများမှာ –

၁) အာသောက မင်းကြီး ၊

၂) အနော်ရထာမင်း ၊

၃) အင်းဝကျော်စွာမင်း ၊

၄) ဆရာတော် ဥုးဇိန မထေရ်မြတ် ၊

၅) ရသေ့ကြီး ဦးခန္တီ တို့ ဖြစ်ပါတယ်။ ဘုရားတည်နေစဉ် အနော်ရထာမင်းဟာ ငယ်သားနှစ်ယောက်ဖြစ်တဲ့ မောင်ပင်နှင့် မယ်ဖော့ တို့အား အမျက်ပြေခဲ့သောကြောင့် အမျက်ပြေဘုရားလို့လည်း ခေါ်ကြပါတယ်။

၂၀၀၉ ခုနှစ်တုန်းကတော့ ဘုရားရဲ့အောက်လိုဏ်ဂူကို တူးဖော်ခဲ့တဲ့အခါမှာ လိုဏ်ဂူထဲမှာ ဌာပနာပစ္စည်းတွေနဲ့ အတူ ဆင်းတုတော် တစ်ဆူကို သွားတွေ့ပါတယ်။ တူးဖော်ခဲ့စဉ်က ဒီဆင်းတုတော်နဲ့ ပတ်သက်လို့ ဆရာကြီး ဦးဝင်းမောင်က”
“တူးပြီးပြီးချင်း ပထမဆုံးဖူးရတာက အလောင်းမင်းတရားကြီး လက်ထက် ၁၈ ရာစုက ဆင်းတုတော်ပါ။ ဒါပေမယ့် လင်းနို့ တွေနားထားလို့ မျက်နှာတော်က ပျက်စီးနေပါတယ်။ အဲဒီ အောက်မှာတော့ သာလွန်မင်းတရားကြီး လက်ထက် ၁၆ ရာစုခေတ်ဆင်းတု၊ အဲဒီ အောက်မှာ ၁၃ ရာစု/၁၄ ရာစု ခေတ် ဆင်းတုနဲ့ ၁၁ ရာစု အနော်ရထာမင်း ကြီးတည်ထားခဲ့တဲ့ ဆင်းတုဆိုပြီး လေးဆင့်ရှိပါတယ်။ ဦးခန္တီကောင်းမှုနဲ့ဆို ငါးဆင့်ပေါ့။ ၁၈ ရာစုနဲ့ ၁၆ ရာစု ဆင်း တုတော်ကို အသေအချာဖူးတွေ့နိုင်မှာ ဖြစ်ပေမယ့် ကျန်ခေတ် နှစ်ခေတ်က ဆင်းတုတွေကိုတော့ အတွင်းမှာ ရှိမှန်း သိရုံ ဒူးတော်တွေ၊ လက်တော်တွေကိုပဲ ဖော်ထားပါ တယ်” လို့ပြောပြခဲ့ပါတယ်။

၂၀၀၉ ခုနှစ် မေလလောက်က စတင်ခဲ့ခြင်းဖြစ် ပြီး လက်ရှိ ဦးခန္တီဘုရား၏ ကျောဘက် ရှိ ငါးလက်မအပေါက်မှ လင်းနို့များ ဝင်ထွက်နေခြင်းနှင့် အဆိုပါအပေါက်မှ ပြဒါးရောင်များ ထွက်လာခြင်းတို့ကြောင့် အတွင်း၌ စေတီရှိမည်ဟု ယူဆကာ စတင်တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ စပြီးတူးတုန်းက ပလ္လင်ရဲ့အောက်ခြေကို တူးတာမဟုတ်ဘဲ ဆင်းတုတော်ရဲ့ကျောဘက်ကအပေါက်ကိုပဲ ချဲ့သွား ရတာပါ။ အဲဒီအပေါက်ကို ပြန် ပိတ်လိုက်ပြီး ခေတ်အဆက်ဆက်ရဲ့ ဆင်းတုလက်ရာတွေကို လူအများကြည်ညို နိုင်ဖို့ ပလ္လင်အောက် ခြေမှာ ဂူပေါက် ဖောက်ထားလိုက်ခြင်း ဖြစ်ပါတယ်။

အနော်ရထာမင်းကြီးဟာ ကျောက်ဆည်လွင်ပြင်မြေတွင် ဆပ်သွားကိုးဆူ တည်ထားခဲ့ခြင်းဖြစ်ရာ ယခု ညောင်ရွေ ကျေးရွာမှတစ်ဆူမှာ အကြီးဆုံးဖြစ်ပြီး ယခင်က အုတ်စေတီဖြစ်ကာ ဦးခန္တီက ပတ္တာရွာမှ ကျောက် များဖြင့် အတွင်း စေတီကို ငုံပြီးတည်ထားခဲ့သည်ဟု သိရပါတယ်။

“သမိုင်းကြောင်းနဲ့ ပတ်သက်လို့ လူနှစ်မျိုးရှိတယ်။ မှန်နန်းရာဇဝင်တို့ ဦးကုလားရာဇဝင်တို့ကို ယုံတဲ့လူနဲ့ လက်တွေ့မှ ယုံတဲ့လူဆိုပြီး။ ရာဇဝင်ကို ယုံတဲ့လူက ဒီဘုရားက အနော်ရထာ တည်တယ်လို့ ရာဇဝင်မှာပါရင် ယုံတယ်။ လက်တွေ့သမားကတော့ အဲလိုမဟုတ်ဘူး။ လက်တွေ့ပြမှ ယုံတာ။ အခုလို ခေတ်အဆက်ဆက် ဘုရားတွေရှိကြောင်း သက်သေပြလိုက်နိုင်တာဟာ ဒီရှင်ပင်ရွှေဆပ်သွား စေတီကို အနော်ရထာမင်းကြီး တည်ထားခဲ့တာပါဆိုတဲ့ ပါးစပ်ရာဇဝင်၊ အရပ်စကားဟာ အတည်ဖြစ်ကြောင်း သက်သေပြလိုက်နိုင်တာပါပဲ”ဟု တမ္ပဝတီဦးဝင်းမောင် က ဆိုပါတယ်။

ရှင်ပင်ဆပ်သွားစေတီတော်မြတ် အား ကျောက်ဆည်မြို့မှ တံတားဦးလမ်းအတိုင်းလည်း ကောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှ မိုင်တိုင် ၃၄၄ မိုင် ၂ ဖာ လုံမှ လည်းကောင်း ဝင်ရောက် ဖူးမြော်ကြည်ညိုနိုင်ပါတယ်။

သုတဇုန်