Lifestyle

ဘဝကိုအရှုံးမပေးဘဲကြိုးစားခဲ့သော တစ်နိုင်ငံလုံး ဝိဇ္ဇာတွဲ ပထမဆုရှင် မောင်ဝေယံလင်းကျော်၏ တက္ကသိုလ်ဆက်တက်မည့် အခက်အခဲကို ကူညီသူပေါ်ပေါက်

စီးပွားရေးတက္ကသိုလ်ဆက်တက်ရန်အခက်အခဲဖြစ်နေသော မြန်မာတစ်နိုင်ငံလုံး ဝိဇ္ဇာတွဲ ပထမဆုရှင် မောင်ဝေယံ လင်းကျော် အတွက်အလှုရှင် ပေါ်ပေါက်ပြီ ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်စိန်က ပြည်မြန်မာကို ပြော သည်။ တစ်နိုင်ငံလုံး ဝိဇ္ဇာတွဲ ပထမဆုရှင် မောင်ဝေယံလင်းကျော်၏ ဖခင်မှာ ၎င်းငယ်စဉ်ကပင် ကွယ်လွန်သွားသည့် အတွက် မိခင်ကပင် ကြုံရာကျဘန်းအလုပ်လုပ်၍ သားဖြစ်သူ၏ပညာရေးအတွက် ထောက်ပံ့ပေးခဲ့ကြောင်း၊ မောင်ဝေယံလင်းကျော်ကလည်း ဘဝနာကာ ငယ်စဉ်ကပင် ကြိုးစားခဲ့ကြောင်း ဆရာမကြီးက ရှင်းပြသည်။

“အစအဆုံး တာဝန်ယူပါမယ်လို့ ပြောပါတယ်။ကလေးရဲ့အဖေက ကလေး မူကြိုကတည်းက ဆုံးသွား တာပါ။သူတို့က ချို့တဲ့တယ်။သူ့အဖေဆုံးသွားတော့ သူ့အမေက ဦးဆောင်လုပ်ကျွေး ရတာပေါ့။ လက်လုပ်လက်စား အငှားလိုက်ရတာပေါ့။ကြုံရာကျဘန်းပေါ့။သူတို့မှာ မောင်နှစ်မ ၃ ယောက် ရှိတယ်။ သူ့ရဲ့အစ်မက အိမ်ထောင်ကျသွားပြီ။ခု ထိုင်းမှာ အလုပ်သွားလုပ်ရတယ်။သူတို့ကိုပညာသင်ဖို့တော့ ပံ့ပိုးတာပေါ့။ဒါပေမယ့် အလုံအလောက်တော့ ဘယ်ပံ့ပိုးနိုင်မလဲ၊သူ့အမေကလည်း ကြံုရာကျဘန်းလုပ်ပြီး ပံ့ပိုးရတာပေါ့။သူ့ရဲ့ညီမလေးက အခု ၈ တန်းတက်မှာ။ကလေးက ဘဝနာတယ်လို့ပဲ ပြောရမှာပေါ့။ငယ်ငယ် ကတည်းက ကြိုးစားခဲ့တယ်။သူများလို ဆေးလိပ်သောက်တာ၊ကွမ်းစားတာ လုံးဝမလုပ်ခဲ့ဘူး။ဘဝကိုနာ ပြီးအရမ်းကြိုးစားခဲ့တယ်။ငယ်ငယ်ကတည်းက တော်လာတာဆိုတော့ ကျွန်မတို့ ဆရာ ဆရာမတွေကလည်း ဝိုင်းဝန်းပြီးတော့ ကူညီကြတာပေါ့။စာမေးပွဲဖြေတိုင်း A ရတယ်။အခြားလူနဲ့ယှဉ်တော့ သူက လူသေးတယ်။ လူသေးတော့ အားကစားမှာ သူများတွေကိုမမီဘူးပေါ့။သချင်္ထူးချွန်တွေဘာတွေလည်းရတယ်”ဟု ဆရာမကြီးက ပြောသည်။

မောင်ဝေယံလင်းကျော်အတွက် ပညာရေးဆုံးခန်းတိုင်အောင် လှူဒါန်းခဲ့သူမှာ ရန်ကုန်မြို့နေ ABC Telecomm Company Co Ltd, (MIB Group of Companies) ၏ အမှုဆောင်အရာရှိချုပ် ဒေါ်ဖြူဖြူဝင်း ဖြစ်ကြောင်း သိရသည်။“facebook မှာ တင်တာတွေကို တွေ့လို့ အလှူရှင်က သတင်းရပြီး လာလှူတာ ဖြစ်တယ် ” ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်စိန်က ဆိုသည်။ မောင်ဝေယံလင်းကျော်သည် ၂၀၂ဝပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ ပထဝီဝင်၊ သမိုင်း၊ဘောဂဗေဒ ဂုဏ်ထူးရရှိခဲ့ပြီး ရမှတ်ပေါင်း ၅၂ဝ ဖြင့် မြန်မာတစ်နိုင်ငံလုံး ဝိဇ္ဇာတွဲ ပထမအဆင့် ရရှိခဲ့သူ ဖြစ်သည်။

credit ပြည်မြန်မာ