Dhamma

ဂူအတွင်းမှာ တရားအားထုတ်နေရင်း (၃၊ ၈၊ ၂၀၂၀) ရက်နေ့ က ပေးပို့လာတဲ့ မိုင်းဖုန်းဆရာတော်ကြီးရဲ့ စာ

သာသနာတော်နှစ် ၂၅၆၄ ဒုဝါဆိုလပြည့် (၃၊ ၈၊ ၂၀၂၀) မိုင်းကျက် မဟာမုနိဓမ္မဟိန်းဂူမှ ပေးပို့လာသော အရညဝါသီ #မိုင်းဖုန်းဆရာတော်၏မေတ္တာစာသဝဏ်

ဆရာတော်လည်း နေကောင်းကျန်းမာစွာ ကိုယ်စိတ်ပေ့ါပါးစွာနဲ့ တရားဘာဝနာကို အားထုတ်လျက်ပါ။

စိမ်းစိုလန်းဆန်းတဲ့ သဘာဝတောတောင်တွေနဲ့အတူ သဘာဝတရားရဲ့အရသာကို ခံယူရင်း နေကောင်းကျန်းမာလျက်ပါ။

ဆရာတော် သီတင်းသုံးတဲ့ ဂူအနားမှာ ကျေးငှက်၊ ရှဉ့်၊ တောကြက်၊ မျောက်၊ ဆတ်၊ စိုင်၊ တောင်ဆိတ်၊ တောကျီး၊ ဒေါင်းစတဲ့ သားငှက်တိရစ္ဆာန်လေးတွေကို ဆရာတော်က ရင်ဝယ်သားပမာ တူမျှတဲ့ မေတ္တာထားရှိပါတယ်။

သူတို့ကို အစာကြွေးပါတယ်။ သတိတစ်လုံး လက်ကိုင်သုံးပြီး သတိပဋ္ဌာန်လေးပါးကို မပြင်းမရိ ကြိုးစားအားထုတ်ပါတယ်။ အချိန်ရှိခိုက် ကုသိုလ်ချိန်ဖြစ်အောင် ကြိုးစားလျက်ပါ။

တပည့်တကာများအားလုံးကိုလည်း မပျက်မကွက် မေတ္တာပို့သလျက်ပါ။ တတ်နိုင်သလောက် အချိန်လုပြီး ကုသိုလ်ကို နေ့စဉ်ပြုလုပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆရာတော်က အိုလာပါပြီ။

နေ့တိုင်း အိုသထက်အိုလာပါပြီ။သေမင်းနဲ့ တဖြည်းဖြည်း နီးနီးလာပါပြီ။ ယခု ဆရာတော်ရဲ့ သက်တော် ၅၇/ ၅၈ ထဲ ရောက်လာပါပြီ။ ဘယ်လောက်အထိ နေသွားရမလဲဆိုတာ မသိနိုင်ဘူး။ ဒါကြောင့် အချိန်လုပြီး ကုသိုလ်တွေပြုလုပ်နေခြင်းပါ။

(နှာ ၂) အချိန်ဆိုတာ စီးဆင်းနေတဲ့ ရေလိုပဲ၊ မရပ်မနား တသွားထဲသွားနေတယ်။ မကြာခင် ဆရာတော်ရဲ့ အဓိဋ္ဌာန်လည်း ၃ နှစ်ပြည့်ပါတော့မယ်။ အချိန်တွေသာ ကုန်သွားတယ်၊ ဘာမှလဲ ဟုတ်တိပတ္တိ များများစားစား မလုပ်ရသေးဘူး။

တစ်နေကွယ် သေနယ်သို့သာ ကူးကူးသွားတယ်။သံဝေဂရစရာတွေပါပဲ။ မွေးဖွားခြင်း အိုမင်းရင့်ရော်ခြင်း အနာရောဂါကျရောက်ခြင်း သေဆုံးခြင်းနဲ့ လည်ပတ်နေတဲ့ သံသရာမှာ သေမင်းက ဒို့နောက်ကို တကောက်ကောက် အမြဲလိုက်နေတယ်။

မကြာခင် သေပွဲဝင်ရပါမယ်။အသက် ဘယ်လောက်ရှည်ရှည် နှစ် ၁၀၀ မကျော်ပါဘူး။ မရဏသေမင်းကတော့ မျက်နှာကြီးငယ် မရွေးသလို၊ လူကောင်း လူဆိုး သူခိုး သူဌေး ပညာရှိ ပညာမဲ့ ရုပ်ချော မချော မရွေးပါဘူး။

ဒါကြောင့် သေခြင်းတရားဟာ အနာဂတ်မှာ ဒို့တတွေကို စောင့်ဆိုင်းနေလျက်ပါ။ဒါကြောင့် မမေ့မလျော့ဘဲ သတိတရား ဉာဏ်ပညာတရား လက်ကိုင်ထားပြီး အကုသိုလ်တရားကို ပယ်ရှားကြပါကုန်။ ကုသိုလ်တရားကို များများပွားကြပါကုန်။

မသေခင်ကာလမှာ ကုသိုလ်ကို ချစ်မြတ်နိုးပါ။ကုသိုလ်ကိစ္စမှာ လက်မနှေးပါနဲ့။ ဒါန သီလ ဘာဝနာ သတိပဋ္ဌာန်တရား လေးပါး ပွားများကာ ရုပ်နာမ်ရဲ့ မမြဲမှု ဆင်းရဲမှု အစိုးမရမှုတို့ကို ရှုမြင်ပါ။

ငါ့ဟာငါ့ခန္ဓာလို့ သဘောမထားဘဲ ရုပ်နာမ် သင်္ခါရတရားတွေ၊ အာယတနတရားတွေ၊ ဓါတ်သဘောတွေ ပဋိစ္စသမ္မုပ္ပါဒ်သဘော သစ္စာဆိုက်အောင် ကျင့်ကြံပွားများကြပါ။ သင်္ခါရတရားဟာ မမြဲဘူး။

ဒုက္ခအတိကြီးပါပဲ။ မွေးဖွားသည်မှစပြီး သေဆုံးတဲ့အထိ ဝင်သက်တိုင်း ထွက်သက်တိုင်း သတိထားကြည့်ရှုတတ်ရင် အမှန်ကို ညွှန်ပြတဲ့ သစ္စာတရားတွေချည်းပါပဲ။

အ.သာရ အနှစ်မဲ့ သဘောတရားတွေပါပဲ။ အစိုးမရ မိမိအလိုမလိုက် မိမိအကြိုက်မဆောင်တဲ့ သဘောတရားတွေပါပဲ။

(နှာ ၃) အချိန်တွေ ကုန်ကုန်သွားတာဟာ အလဟသကုန်သွားတာမဟုတ်ဘူး။ အချိန်ကုန်သွားတာဟာ ဒို့တတွေကို သေမင်းနဲ့ နီးသထက်နီးစေခြင်းပါ။ အချိန်ကုန်ဆုံးသွားတိုင်း အိုမင်းရင့်ရော်ခြင်းကို ဖြစ်ပေါ်စေတယ်။

အချိန်ကုန်ဆုံးသွားတိုင်း ဗျာဓိကို ဖြစ်ပေါ်စေတယ်။ အချိန်ကုန်ဆုံးသွားတိုင်း သေခြင်း မရဏကို ဖြစ်ပေါ်စေတယ်။ မိမိသေတွင်းကို မိမိမတူးမိပါစေနဲ့၊ လောဘ ဒေါသ မောဟ အဝိဇ္ဇာ တဏှာ ဥပါဒါန် မြွေပွေးကို ခါးပိုက်မဆောင်နဲ့။

လေးလံပြီး မကောင်းတဲ့ အကုသိုလ်ဝန်ကို မထမ်းကြပါနဲ့။ အကုသိုလ် မြွေပွေးကို မွေးမထားပါနဲ့။အကုသိုလ်ရဲ့ ပျော်မွေ့ရာဖြစ်တဲ့ မီးပုံပွဲ (ငရဲမီး) မနွဲချင်ကြနဲ့။

ကုသိုလ်တရား များများပြု။ ဆက်တိုက်ဆက်တိုက်ပြု။ ကုသိုလ်လုပ်ရမှာ မပျင်းနဲ့။ ကုသိုလ်ပြုမှ ဝဋ်ဆင်းရဲကနေ လွှတ်နိုင်တယ်။ သီလရှိမှ တရားရှိမှ နိဗ္ဗာန်ကို တက်လှမ်းနိုင်မယ်။

သီလမရှိရင် နိဗ္ဗာန်ရောက်ဖို့ ပင်ပမ်းပါလိမ့်မယ်။လောဘနောက်လိုက် ဒုက္ခဆိုက်။ ဒေါသ နောက်လိုက် ဒုက္ခဆိုက်။ မောဟ နောက်လိုက် ဒုက္ခဆိုက်။ လောဘကင်း ဒုက္ခရှင်း။

ဒေါသကင်း ဒုက္ခရှင်း။ မောဟကင်း ဒုက္ခရှင်း။ လောဘရောဂါ ဒါနဆေးနဲ့ ကုလိုက်ပါ။ ဒေါသရောဂါ သီလမေတ္တာကရုဏာ ဆေးနဲ့ကုလိုက်ပါ။

မောဟရောဂါ သမထဝိပဿနာဆေးနဲ့ ကုလိုက်ပါ။ကောင်းမှု မကောင်းမှုရဲ့ သန္ဓေဟာ စိတ်ကနေတည်တာပါ။ တယူမသန်ဘဲ အယူမှန်ကန်သွားတယ်ဆိုတာ စိတ်ထဲမှာ အသိဉာဏ်ရှိလို့ပါ။

အသိဉာဏ်မရှိရင် မငြိမ်းအေးဘူး။ အသိဉာဏ်ရှိရင် ငြိမ်းအေးတယ်။ ငြိမ်းချမ်းတယ်။အသိဉာဏ်မရှိရင် သံသရာရှည်တယ်။ အသိဉာဏ်ရှိရင် သံသရာပြတ်တယ်။

သတိတရားနဲ့ ခန္ဓာကိုယ်ကို မသိရင် ဒုက္ခကို အမြဲကြောက်နေရမယ်။ သတိတရားနဲ့ ခန္ဓာကိုယ်ကို သိနေရင် ဒုက္ခကို မကြောက်တော့ဘူး။

သဒ္ဓါစိတ်ကြောင့် ဒါနဆိုတာ ဖြစ်ပေါ်လာတယ်။ သတိတရားကြောင့် သီလဖြူစင်တယ်။ တဏှာကင်းခြင်းကြောင့် သီလဖြူစင်တယ်။ ရုပ်နာမ်ဖြစ်ပျက်ကို မသိမြင်ရင် သက်တမ်းတစ်လျှောက် တန်ဖိုးမရှိပါဘူး။ ရုပ်နာမ်ဖြစ်ပျက်ကို သိမြင်မှ တန်ဖိုးရှိမယ်။

(နှာ ၄) မလိမ္မာတဲ့သူဆိုတာ လေးလံတဲ့ အကုသိုလ်ဝန်ကို ထမ်းတဲ့သူပဲ။ လိမ္မာတဲ့သူဆိုတာ ပေ့ါပါးတဲ့ ကုသိုလ်ဝန်ကို ထမ်းတဲ့သူပါ။ လေးနက်တဲ့ ကုသိုလ်ကို ဆောင်ထားပါ။

သိမ်ဖျင်းတဲ့ အကုသိုလ်ကို ဖယ်ရှားပါ။ လူ့ဘဝရဲ့ တန်ဖိုးဆိုတာ ကုသိုလ်ကို ဆွတ်းခူးနိုင်ခြင်းပါပဲ။မိန်းမတို့၏ ဥစ္စာကား ရူပါရုံ အဆင်းတည်း။

ယောကျာ်းတို့၏ ဥစ္စာကား ဉာဏ်ပညာနှင့် ကတိသစ္စာတည်း။ ရဟန်းတို့၏ ဥစ္စာကား သီလနှင့် မေတ္တာတည်း။ ပေးကမ်းစွန့်ကြဲခြင်းသည် ချစ်ခြင်းမေတ္တာကို ပွားများတည်တံ့စေ၏။ သီလစောင့်ထိန်းတယ်ဆိုတာ နိဗ္ဗာန်လမ်း ပွင့်စေလိုလို့ပါ။သစ်ပင်ကြီးရင် သစ်ပင်စောင့်နတ် ရုက္ခစိုးရှိသလို ချောမောလှပတဲ့သူလည်း အရှင်သခင်ရှိတယ်။ ဆန်ကုန်ခါနီးလေ စားကောင်းလေ၊ ဆင်းရဲခါနီးလေ အိပ်ပုတ်ကြီးလေလေ။သစ်ပင်ရင်းတိုင်းမှာ တန်ဖိုးရှိတဲ့ ဥစ္စာရှိတယ်။

မပျင်းမရိတဲ့သူတွေသာ ဥစ္စာကိုရအံ့။ နိဗ္ဗာန်ဝေးတယ်ဆိုတာ ငါတို့စိတ်ထဲမှာ အကုသိုလ်ရှိနေလို့ပါ။ နိဗ္ဗာန်နီးတယ်ဆိုတာ ငါတို့စိတ်ထဲမှာ မှန်ကန်တဲ့ ယုံကြည်မှု (သဒ္ဓါ) ရှိနေလို့ပါ။

ဝီရိယတရား သတိတရား ဉာဏ်တရားရှိထားရင် နိဗ္ဗာန်ခရီးက အနီးကလေးပါ။ ရုပ်နာမ်ဖြစ်ပျက် ဉာဏ်ပိုင်းဖြတ် ဖြစ်ပျက်ဆုံးလျင် နိဗ္ဗာန်ဝင်။

ယခုလို ဆရာတော် မိုင်းကျက်ဂူမှာ အဓိဋ္ဌာန်ဝင်ပြီး အေးချမ်းစွာ တရားအားထုတ်လာနိုင်ခဲ့တာ နတ်တွေ လမ်းညွှန်သလို မသိသေးတဲ့ အရာတွေ သိလာခဲ့ပါတယ်။

ဒကာဒကာမများအပေါ် သတ္တဝါအားလုံးအပေါ်အနန္တ မေတ္တာကရုဏာထားရှိပါတယ်။ ဆရာတော်ရဲ့ ပါရမီခရီးမှာ ဒကာဒကာမများ ပစ္စည်းလေးပါးတွေ အစဉ်အဆက် ပေးပို့လှူဒါန်းလာခဲ့တာကို အထူးကျေးဇူးတင်သလို အထူးလဲ အားနာလှပါတယ်။

ဒကာဒကာမတွေ လှူလာခဲ့တဲ့ အလှူတွေဟာ နိဗ္ဗာန်ရဲ့ အထောက်အပံ့ဖြစ်ပါစေသတည်း။သာဓု သာဓု သာဓု

အရညဝါသီ မိုင်းဖုန်းဆရာတော်၏ မေတ္တာစာကို ကိုစိုင်းခမ်းလှိုင် (လွိုင်ခုံးသောက်ရေသန့် တောင်ကြီး) မှ ပေးပို့လာပြီး တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန် (စဝ်ဆုခမ်း တန့်ယန်း) မှ ဘာသာပြန်ပေးထားခြင်းဖြစ်ပါတယ်။

#credit