International News

၀င်းနဲ့ဇော်ရဲ့ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ထပ်မံလျှော့ပေါ့နိုင်တဲ့ အခွင့်အရေးရှိဟု ရှေ့နေဖြစ်သူ ပြော

၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ ဗြိတိန် ကမ္ဘာလှည့်ခရီးသွားနှစ်ဦး သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်အတွက် သေဒဏ်ချမှတ်ခံထားခဲ့ရတဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းနိုင်ထွန်းတို့နှစ်ဦးကို ထိုင်းဘုရင်ရဲ့ လွတ်ငြိမ်းသက်သာခွင့်အမိန့်အရ သောကြာနေ့မှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ လျှော့ချပေးလိုက်ပြီဖြစ်ပါတယ်။ ယခုဆိုရင် ဒီလူငယ်နှစ်ဦးဟာ ထောင်တွင်း အပြုအမူကောင်းတွေအပေါ် မူတည်ပြီး ပြစ်ဒဏ်ထပ်မံ လျော့ကျသွားနိုင်တဲ့ အခွင့်အလမ်းရှိသွားမှာဖြစ်ကြောင်း သူတို့ရဲ့ ရှေ့နေဖြစ်သူက ပြောဆိုခဲ့တယ်လို့ စနေနေ့က ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ကမ္ဘာလှည့်ခရီးသွားနေရာတစ်ခုဖြစ်တဲ့ ခိုတောင်ကျွန်းခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ဒေးဗစ်မီလာနဲ့ ဟန်နာဝစ်သာရစ်တို့ကို သတ်ဖြတ်ခဲ့မှုနဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ဝင်းနဲ့ဇော်တို့ သေဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ သူတို့နှစ်ဦးကို ၂၀၁၅ ခုနှစ်မှာ စီရင်ချက်ချခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ အယူခံတရားရုံးကလည်း ပြစ်ဒဏ်ကို ဆက်လက်အတည်ပြုခဲ့သလို ၂၀၁၉ ခုနှစ်က ဗဟိုတရားရုံးအထိ အယူခံဟာလည်း မအောင်မြင်ခဲ့ပါဘူး။

သူတို့နှစ်ဦးအပေါ် ပြစ်ဒဏ်စီရင်မှုတွေဟာ အငြင်းပွားစရာတွေရှိခဲ့ပြီး သူတို့ဟာ မတရားအမှုဆင်ခံခဲ့ရတာဖြစ်ကြောင်းနဲ့ သူတို့ရဲ့ ကနဦးထွက်ဆိုချက်တွေဟာလည်း အတင်းအကြပ် ဖိအားပေးမှုကြောင့် ထွက်ဆိုခဲ့ရတာဖြစ်ကြောင်း လူငယ်နှစ်ဦးအပေါ် ထောက်ခံသူတွေက ပြောဆိုခဲ့ပါတယ်။ သောကြာနေ့က ထုတ်ပြန်လိုက်တဲ့ ဘုရင့်လွတ်ငြိမ်းသက်သာ အမိန့်အရ သူတို့ရဲ့ ပြစ်ဒဏ်ကို တစ်သက်တစ်ကျွန်းသို့ လျှော့ချလိုက်တာဖြစ်ကြောင်း ဝင်းနဲ့ဇော်တို့ရဲ့ ရှေ့နေဖြစ်သူ နာခွန်ချွမ်ပူချတ်က ရိုက်တာ ကို ပြောဆိုခဲ့ပါတယ်။

ဘုရင်မင်းမြတ် လွတ်ငြိမ်းသက်သာခွင့် ဆိုင်ရာ အချက်တွေအရ သူတို့ရဲ့ ပြစ်ဒဏ်ကို လျှော့ချခံစားခွင့်အတွက် အကြုံးဝင်သူတွေဖြစ်ခဲ့ကြောင်း နာခွန်က ပြောဆိုပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးဟာ ထောင်တွင်း အပြုအမူကောင်းတွေပေါ် မူတည်ပြီး ပြစ်ဒဏ်ထပ်မံလျော့ကျစေမယ့် အခွင့်အလမ်းလည်း ရှိသွားမှာဖြစ်တယ်လို့ ၎င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။ ဇူလိုင် ၂၈ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ဘုရင့်မွေးနေ့ အထိမ်းအမှတ်နဲ့ ဘုရင်ကြီးရဲ့ သက်ညှာထောက်ထားမှုကို ပြသသောအားဖြင့် ဘုရင်မင်းမြတ်က လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း သောကြာနေ့က အမိန့်ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ယင်းအမိန့်အရ အကျဉ်းသား ဘယ်လောက်အရေအတွက် လွတ်ငြိမ်း သို့မဟုတ် ပြစ်ဒဏ်လျှော့ခံခဲ့ရတယ်ဆိုတာတော့ လတ်တလောမှာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

credit