Celebrities

၂၀၂၀ NLD အောင်နိုင်ရေးသီချင်းကို အနုပညာရှင်များစွာ ပါဝင်သီဆိုမည်

မကြာခင်လပိုင်းမှာ ပြုလုပ်တော့မယ့်၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ပါတီပေါင်းစုံရှိတဲ့အနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် ၂၀၂၀ အောင်နိုင်ရေးသီချင်းကိုတော့ အနုပညာရှင် ၃၅ ယောက်ထက် မနည်း သီဆိုပေးသွားမယ်လို့ သိရပါတယ်။ “၂၀၁၅ ခုနှစ်၊ NLD အောင်နိုင်ရေး သီချင်း “ခွပ်ဒေါင်းမာန်ချီ NLD” ကိုရေးခဲ့တဲ့ တေးရေး သံသာဝင်းကပဲ ကျမတို့အတွက် “၂၀၂၀ ခွပ်ဒေါင်းမာန်ချီ ” သီချင်းကို မေတ္တာဖြင့် ရေးပေးမှာပါ” လို့ ဒါရိုက်တာကြည်ဖြူသျှင်က ပြောပါတယ်။

အဆိုပါ ပါတီ အောင်နိုင်ရေးသီချင်းကိုတော့ အဆိုတော် သံသာဝင်းက ရေးသားထားတာဖြစ်ပြီး ယခုနှစ်အတွက်လည်း အဆိုပါ သီချင်းကိုပဲ သီဆိုသွားကြမှာဖြစ်ပါတယ်။ “အဆိုတော်တွေကို ချိတ်ဆက်ပေးတဲ့ အနဂ္ဂ၊ သံသာဝင်း၊ သျှီ၊ မမီမီဝင်းဖေ ယနေ့ တွေ့ဆုံဖြစ်တဲ့ ကိုရင်ဂို၊ မကော်နီ၊ လင်းနစ်၊ သားကြီး၊ ဆိုင်စံနဲ့ သီချင်းမှာ ပါဝင်အားဖြည့် သီဆိုကြမယ့် အနုပညာ မောင်နှမများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်” လို့ ကြည်ဖြူသျှင်က ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ကြတဲ့ အဆိုတော် ၃၅ ယောက်က သီဆိုကြမှာဖြစ်ပြီး စည်းကမ်းချက်များနဲ့အညီ ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “အမေစုကို ချစ်သော နာမည်ကျော် အဆိုတော် ၃၅ ယောက်ထက် မနည်း သီဆိုကြမှာဖြစ်ပြီး ကိုဗစ်ကာလ စည်းကမ်းနဲ့အညီ ရိုက်ကူးတင်ဆက်သွားမှာ ဖြစ်ပါတယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောထားပါတယ်။ NLD အောင်နိုင်ရေးအတွက်လည်း ဝန်းရံကြတဲ့ ဂီတအနုပညာရှင် ၅၀ နီးပါးဝန်းရံကြတာဟာလည်း ဝမ်းသာစရာသတင်းကောင်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“အမေစုကိုချစ်တဲ့ နာမည်ကြီး ဂီတအနုပညာရှင်တွေ ၅၀ နီးပါး NLD အောင်နိုင်ရေးအတွက် ဝန်းရံဖို့ရှိနေတာကတော့ ဝမ်းသာစရာ သတင်းကောင်းလေးပါပဲ။ ရုပ်ရှင်နဲ့ သဘင်မှာလည်း အမာခံတွေကတော့ NLD အောင်နိုင်ရေးကို ဝန်းရံဖို့ အဆင်သင့်ပါပဲ။ နောက်မှ နာမည်တွေ အားလုံး ဖော်ပြပါ့မယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။ ၂၀၁၅ ခုနှစ်အတွက် NLD ပါတီအောင်နိုင်ရေးသီချင်းဟာလည်း “ခွပ်ဒေါင်းမာန်ချီ NLD” လို့ အမည်ပေးထားတဲ့ သီချင်းဖြစ်ပြီး ၂၀၂၀ အတွက်လည်း အဆိုပါ နာမည်နဲ့သာ ဖြစ်ပါတယ်။

credit ဧရာဝတီ