Lifestyle

ဘဏ်ဓားပြတိုက်တဲ့ပုံစံ ဗွီဒီယိုရိုက်ကူးခဲ့တဲ့ နာမည်ကျော် TikTok အမြွှာနှစ်ဦး အဖမ်းခံရ

TikTok လူမှုကွန်ရက်မှာ အရှိန်အဟုန်ပြင်းစွာ အောင်မြင်လာခဲ့တဲ့ လူငယ်စတားနှစ်ယောက်ကတော့ အပြောင်အနောက်သဘောမျိုး ဘဏ်ဓားပြတိုက်တဲ့ပုံစံ ဗွီဒီယိုရိုက်ကူးခဲ့ရာက အခုဆိုရင် ရဲက ဖမ်းဆီးခြင်းကို ခံထားရပြီလို့ သိရပါတယ်။ TikTok စတား အမြွှာနှစ်ဦးအမည်ကတော့ Alan Stokes နဲ့ Alex Stokes တို့ ဖြစ်ကြပါတယ်။

သူတို့နှစ်ယောက်ကို Stokes Twins လို့ လူသိများကြပြီး၊ TikTok အကောင့် @stokestwins မှာတော့ ဖော်လိုဝါ (၂၅.၅)သန်းအထိ ရှိနေပါတယ်။ သူတို့ရဲ့ YouTube ချန်နယ်အမည်မှာလည်း Stoke Twins ဖြစ်ပြီး၊ ပရိသတ် (၄.၈၃)သန်းအထိ ပိုင်ဆိုင်ထားပါတယ်။ နှစ်ယောက်သား ဟာသနဲ့ Prank ဗွီဒီယိုတွေကြောင့် လူကြိုက်များပါတယ်။

သူတို့နှစ်ယောက်ဟာ နောက်ပိုင်းမှာတော့ အဆန်းထွင်တဲ့ဗွီဒီယိုတစ်ချို့ကို ရိုက်ကူးခဲ့တာကြောင့် လူမှုကွရက်မှာ ဝေဖန်မှုတချို့ ခံလာရပါတယ်။ အခုလည်း ၎င်းတို့နှစ်ယောက်ကို (၂၀၁၉)ခုနှစ်အောက်တိုဘာလ (၁၅)ရက်က ကယ်လီဖိုးနီးယား၊ Irvine မှာ ဘဏ်ဓားပြတိုက်တဲ့ဗွီဒီယို ရိုက်ကူးခဲ့လို့ စွဲချက်တင်ထားပါတယ်။ သူတို့ဟာ ဗွီဒီယိုတစ်ခုတည်းတောင် မဟုတ်ဘဲ နှစ်ကြိမ် ရိုက်ကူးခဲ့တာပါ။

သူတို့နှစ်ယောက်အနေနဲ့ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်(၄)နှစ်အထိ ချမှတ်ခံရဖို့ ရှိနေပါတယ်။ သူတို့နှစ်ယောက်ကို ရဲက ဖမ်းဆီးစဉ်၊ ပြစ်မှုကျူးလွန်ရာမှာ အတူပါဝင်ခဲ့တဲ့ Uber ယာဉ်မောင်းတစ်ယောက်ကိုလည်း ရဲက သေနတ်တွေနဲ့ချိန်ပြီး အတင်းအကျပ် ဖမ်းဆီးခဲ့ရပါတယ်။

သူတို့နှစ်ယောက်ကို အများပြည်သူ ထိတ်လန့်စေမှုသာမက၊ အယောင်ဆောင်အကျဉ်းသားအဖြစ် ဟန်ဆောင်ခြင်း၊ အရေးပေါ်အဖွဲ့ကို မမှန်မကန် သတင်းပေးအကြောင်းကြားခြင်း စတဲ့ပြစ်မှုတွေနဲ့ပါ အမှုဖွင့်ခဲ့ကြောင်း သိရပါတယ်။ သူတို့ဟာ မျက်နှာဖုံးတွေနဲ့ ဘဏ်ဓားပြတိုက်တဲ့ပုံစံဖန်တီးပြီး၊ ကားငှားခဲ့တာပါ။

ကားဆရာတစ်ယောက်က ငြင်းဆန်ခဲ့ပေမယ့် အခြားတစ်ယောက်ကတော့ သူတို့ကို ကူညီဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဘေးနားကပြည်သူတစ်ယောက်က ရဲကို ဖုန်းဆက်တိုင်ကြားခဲ့ရာက ဒရိုင်ဘာအပါအဝင် အမြွှာညီအစ်ကိုနှစ်ယောက်စလုံး ရဲကဖမ်းဆီးတာကို ခံလိုက်ရတာပါ။ ဒရိုင်ဘာကိုတော့ ရဲက ချက်ချင်းပြန်လွှတ်ပေးခဲ့ပါတယ်။

#credit