Local News

မိုးကုတ်ကျောက်တွင်းနံရံပြိုကျ၍ ပိတ်မိခဲ့သော လုပ်သားကို ကယ်တင်ရန်ကြိုးပမ်းခဲ့ပေမယ့် သေဆုံးလျက်သာ ထုတ်ယူနိုင်

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ လယ်ဦးရပ်ကွက်ရှိ ကျောက်မျက်လုပ်ကွက်တစ်ခုတွင် ယမန်နေ့က ကျောက်တွင်းနံရံပြိုကျ၍ လုပ်သားတစ်ဦး ပိတ်မိခြင်းကို ည ၈ နာရီခန့်တွင် ရှာဖွေတွေ့ရှိခဲ့ပြီးပြင်ပသို့ ကယ်ထုတ်ရန်ကြိုးစားခဲ့ရာ သေဆုံးလျက်သာ ထုတ်ယူနိုင်ခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ ‘‘ထုတ်ယူနိုင်တဲ့အချိန်မှာ သေဆုံးလျက်ပဲ ရရှိခဲ့တယ်။ ရုပ်အလောင်းကိုလည်း သယ်ဆောင်လာပြီ’’ဟု မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ယမန်နေ့ ည ၉ နာရီခွဲခန့်တွင် ပြောသည်။

သြဂုတ် ၁၁ ရက် ညနေ ၃ နာရီခန့်တွင် လယ်ဦးရပ်ကွက်ရှိ ဓာတ်တော်ပြန့်လုပ်ကွက်တွင် ကျောက်ရှာရန် ယမ်းခွဲရာမှတစ် ဆင့် ကျောက်တွင်း နံရံပြိုကျခဲ့ရာ လုပ်သားတစ်ဦး ပိတ်မိခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။ ပိတ်မိနေသော အမျိုးသားကို မီးသတ်တပ်ဖွဲ့နှင့် အရပ်ဘက်လူမှုကူညီ ရေးအဖွဲ့များက ညနေ ၄ နာရီခွဲကျော်က စတင်ရှာဖွေရာ ည ၈ နာရီခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ် သည်။ ‘‘အစောကပဲ တွေ့ရှိခဲ့တာ ပါ။ အသက်ရှင်လျက်ရှိနေတယ်။ ခေါ်နေတော့ ပြန်ထူးတယ်။ ကျောက်တွင်းကနေ သူ့ကို အခုထုတ်ဖို့လုပ်နေပြီ။ လူကို ထုတ်ယူနိုင်ဖို့ နည်းနည်းတော့ ကြာနိုင်သေးတယ်’’ဟု မြို့နယ်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ယမန်နေ့ ည ၈ နာရီခန့်တွင် ပြောသည်။

မိုးကုတ်တွင် ကျောက်မျက် ရှာဖွေသော ကျောက်တွင်းများကို ယမ်းခွဲ၍ ရှာဖွေရပြီး ထိုကဲ့သို့ရှာဖွေရမှုကြောင့် တွင်းပြိုမှုများ နှင့် မတော်တဆ ခဲကျ၍ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများရှိသည်။ ကျောက်မျက်လုပ်ကွက်များ နှင့်ပတ်သက်၍ တရားဝင်လုပ် ဆောင်နိုင်ရန် လက်ရှိ မန္တလေးတိုင်းဒေသကြီး လွှတ်တော်က အ သေးစားနှင့် လက်လုပ်လက်စား ကျောက်မျက်ရတနာဥပဒေကို ပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်နေ သည်။

ဆဲဗင်းဒေး