International News

တရုတ်နိုင်ငံရှိ အေးခဲထားသောပင်လယ်စာများပေါ်တွင် Coronavirus ရောဂါပိုးတွေ့ရှိ

တရုတ်နိုင်ငံ Liaoning ပြည်နယ် Dalian မြို့ကရောက်ရှိလာတဲ့ အေးခဲထားတဲ့ပြည်ပသွင်းကုန်ပင်လယ်စာတွေရဲ့ ပါကင်ပေါ်မှာ Coronavirus ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သြဂုတ်လ ၁၁ ရက်မှာ ဒေသခံအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Shandong ပြည်နယ် Yantai မြို့မှာ ကုမ္ပဏီသုံးခုက ဝယ်ယူခဲ့တဲ့ပင်လယ်စာတွေရဲ့ အပြင်ဘက်ပါကင်မှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။

Yantai မြို့ခံအာဏာပိုင်တွေက Dalian မြို့က ရောက်ရှိလာတဲ့ပင်လယ်စာတွေလို့သာပြောပြီး ဘယ်ပြည်ပနိုင်ငံကတင်သွင်းထားတာလဲဆိုတာတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ဇူလိုင်လတုန်းကလည်း Dalian မြို့အကောက်ခွန်အရာရှိတွေက အီကွေဒေါက တင်သွင်းလာတဲ့ အေးခဲထားတဲ့ပုစွန်ဆိတ်ပါကင်တွေမှာ ရောဂါပိုးတွေ့ရှိတာကြောင့် အီကွေဒေါပုစွန်ဆိတ်ထုတ်လုပ်သူသုံးဦးဆီက သွင်းကုန်တွေကို တားမြစ်ခဲ့ပါတယ်။

Yantai ကုမ္ပဏီသုံးခုကဝယ်ယူခဲ့တဲ့ ပင်လယ်စာတချို့ဟာ ပို့ကုန်အဖြစ် လုပ်ဆောင်ပြီးသားဖြစ်နေပေမယ့် အအေးခန်းထဲက ကျန်တဲ့ပင်လယ်စာတွေကတော့ စျေးကွက်ထဲမရောက်သေးဘူးလို့ Yantai မြို့အာဏာပိုင်တွေက ဆိုပါတယ်။ ပို့ကုန်အဖြစ်လုပ်ဆောင်ပြီးသားပင်လယ်စာတွေကို တင်ပို့လိုက်ပြီလားဆိုတာကိုတော့ တာဝန်ရှိသူတွေက ဖြေကြားခဲ့ခြင်းမရှိပါဘူး။ ရောဂါပိုးတွေ့ရှိခဲ့တဲ့အေးခဲထားတဲ့ပင်လယ်စာတွေကိုကိုင်တွယ်ခဲ့သူတိုင်း ရောဂါပိုးစစ်ဆေးမှုခံယူခဲ့ရပြီး Negative သာထွက်ခဲ့ပေမယ့် သီးသန့်ခွဲခြားစောင့်ကြည့်ထားတယ်လို့ သိရပါတယ်။

#credit