Local News

မြန်မာနေရှင်နယ်လိဂ်ဘောလုံးပွဲကို စောင့်ကြည့်ရေးအဖွဲ့နှင့်အတူ လာရောက်အားပေးမည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲ ပြန်လည်စတင်တဲ့အချိန်မှာ ဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ ပြိုင်ပွဲအပေါ်စောင့်ကြည့်ရေးအဖွဲ့နဲ့အတူ လာရောက်အားပေးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဘောလုံးပွဲစဉ်တွေပြန်လည်စတင်နိုင်ရေးအတွက် ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် ၊ လက်ရွေးစင်ဂိုးသမား သီဟစည်သူတို့နဲ့ Video Conferencing ပြုလုပ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွေကို ပရိသတ်တွေမပါဘဲ ကွင်းပိတ်ကျင်းပမှာဖြစ်ပြီး ကစားသမားတွေအတွက် လက်ခုပ်တီးအားပေးမယ့်သူ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနေရှင်နယ်လိဂ်ကလပ်၁ဝသင်းဟာ သြဂုတ် ၉ ရက်ကစပြီး သီးသန့်နေထိုင်ကာ စခန်းဝင် လေ့ကျင့်နေပြီး သြဂုတ်၂၂ ရက်မှာ လိဂ်ပြိုင်ပွဲတွေ ပြန်လည်ကျင်းပဖို့ရှိပါတယ်။ ကစားသမား၊ နည်းပြနဲ့ ဒိုင်လူကြီးတွေအပါအဝင် စုစုပေါင်း လူ ၃၀၀ ကျော်ကို ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စစ်ဆေးခဲ့ရာမှာလည်း ပိုးမတွေ့ရှိဘူးလို့ အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ပြီးခဲ့တဲ့ မတ်လကတည်းက ရပ်နားထားခဲ့တာဖြစ်ပြီး ရပ်နားထားစဉ်ကာလအတွင်းမှာ ဇွဲကပင်ယူနိုက်တက်နဲ့ ချင်းယူနိုက်တက်အသင်းတွေက ဆက်လက် ရပ်တည်နိုင်ခြင်းမရှိခဲ့တာကြောင့် ပြိုင်ပွဲကနုတ်ထွက်ခဲ့ပြီး လက်ကျန် ၁ဝ သင်း နဲ့ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ ကွင်းပိတ်ကျင်းပမယ့် မြန်မာလိဂ်ပွဲစဉ်တွေကို MRTV ကနေ တိုက်ရိုက် ပြသပေးဖို့ ဦးဇော်ဇော်က တောင်းဆိုခဲ့ရာမှာ ပြသနိုင်ဖို့ လုပ်ဆောင်ပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ပါတယ်#credit