Knowledge

ဘာသာစုံဂုဏ်ထူး ထွက်သူတွေ များတာ နဲ့ ပညာရေးစနစ် အောင်မြင်နေပြီလို့ ဆိုနိုင်ပြီ လား (အထူးကု ဆရာဝန်မကြီးတယောက် ရဲ့အမြင်)

ဘာသာစုံဂုဏ်ထူး ထွက်သူတွေ များတာ နဲ့ ပညာရေးစနစ် အောင်မြင်နေပြီလို့ ဆိုနိုင်ပြီ လား (အထူးကု ဆရာဝန်မကြီးတယောက် ရဲ့အမြင်)

အပေါ်ယံလေး တင် ရှပ်မကြည့်ပဲ..ဟိုးအထဲမှာဘာတွေဖြစ်နေတာလဲဆိုတာ analyse လုပ်ဖို့လိုပါတယ်။ AllD တွေ တန်းစီထွက်နေတဲ့ကျောင်း လက်ညှိုးထိုးမပြပါနဲ့။ အနယ်နယ်အရပ်ရပ်က အတော်ဆုံးဆိုသူတွေကို ဝင်ခွင့်နဲ့စစ်ချပြီး အတော်ဆုံးတွေထပ်စာရအောင် စာမှစာကျက်ပြီး တနှစ်လုံးရိုက်နှက်လုပ်ခဲ့လို့ AllD ရနိုင်သူတွေ AllD ရတာဟာ တနိုင်ငံလုံးကိုကိုယ်စားမပြုဘူး။

ရန်ကုန်မန္တလေးက ငယ်ကတည်းကအခြေခံကောင်းပြီး Guideအသွယ်သွယ်နဲ့ polishတင်ထားတဲ့ ကလေးတွေ AllD ရနေတာ တနိုင်ငံလုံးကကလေးတွေကို ကိုယ်စားမပြုဘူး။တမြို့နယ်မှာ တစ်ယောက်စ နှစ်ယောက်စ ထူးချွန်နေ တာလည်း ကလေးအားလုံးကိုကိုယ်စားမပြုဘူး။

၁၉၉၀ ကနေ ခု ၂၀၁၉ ထိ ၂၉နှစ် ဆရာမလုပ်လာတဲ့သက်တမ်းတလျောက် ရိုက်ဟယ်နှက်ဟယ် Dတွေများအောင် လဲလုပ်ခဲ့ပြီးပြီ.. မိဘကြိုက် ကျောင်းသားကြိုက် စီးပွားကိုက် နာမည်တက်ဖို့ မျိုးစုံသောနည်းလမ်းတွေ လုပ်နေကြတဲ့ ပုဂ္ဂလိကပညာရေးများစွာကိုလည်း မြင်တွေ့နေရပြီးပြီ။ ကိုယ့်ဘဝမှာ မအောင်နိုင်သူတွေကိုအောင်အောင် လုပ်ပေးရခြင်း ကိုဂုဏ်ယူစွာ ခါးချိအောင်လည်း လုပ်ပေးခဲ့ဖူးပြီ။ လုပ်စားလို့ကောင်းတဲ့ပညာရေး၊ အစမ်းသပ်ခံဝေဝါးဝါးပညာရေး..အားလုံးကို စိတ်ကုန်ပြီး.. ဒီအချိန်မှာ တကယ်လိုချင် လာတာက..မှန်ကန်သောပညာရေးစနစ်…။

ကျွန်မအကိုဝမ်းကွဲတယောက် ဆယ်တန်းမအောင်ဘူး..ဇိမ်ခံကားများစွာ သင်္ဘောအစီးရေများစွာ ကုန်ကားများစွာ ပိုင်တယ်။ သမာအာဇီဝကျကျ စီးပွားရေးလုပ်တာပဲ။ ခြောက်ဘာသာဂုဏ်ထူးရှင် အထူးကု ဆရာဝန် ကိုယ်တွေက သူ့ဝင်ငွေခြေဖျားတောင်မမီဘူးရယ်။ ဝန်ထမ်းဘဝတုန်းကဆို ကားမဝယ်နိုင်လို့ အကို့ကားလေးနဲ့ အစည်းဝေးလိုက်ပို့ ပါဦးလုပ်ခဲ့ရတာမျိုး၊ မြန်မာနိုင်ငံက ပညာတတ်အများစုရဲ့ ဘဝက ခါးတယ်။

တကယ်တော့ မှန်ကန်သောပညာရေးဆိုတာ ကလေးတယောက်ကို လူ့လောကအလယ် အောင်မြင် ပျော်ရွင်စွာ ရပ်တည် နိုင်ဖို့ အသိဉာဏ်ပညာ ထည့်သွင်းပေးတာပဲ။ အဲဒီမှာ ပေါင်းသင်းဆက်ဆံမှု အသင်းအဖွဲ့လိုက်ဆောင်ရွက်တတ်မှု ခေါင်းဆောင်မှုပညာ မျဝေမှု စီမံခန့်ခွဲမှု ကိုယ်ကာယကြံ့ခိုင်မှု တီထွင်ဖန်တီးနိုင်မှု ကိုယ်ပိုင်အရည်အချင်းနဲ့ ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်မှု စသည် လူအဖြစ်တကယ်ရပ်တည်တဲ့အခါလို အပ်မယ့်အရာတွေကို သင်ကြားပေးတာ ပညာရေးရဲ့ အဓိက ရည်ရွယ်ချက်ပဲ။

ဒါကြောင့်နိုင်ငံခြားကျောင်းတွေမှာ subjectအခွဲတွေအများကြီး သင်ရတယ်။ တို့မြန်မာနိုင်ငံမှာလို စာမှစာ အော်ကျက်ပြီး ဂုဏ်ထူးဆာပြီး ပြိုင်နေတာမဟုတ်ဘူး။ Personality ရယ် talentရယ်ကို သူတို့ကအဓိကပျိုးထောင်တာ။ ဒါကြောင့် သူတို့ ဟာ ဘယ်အသက်မွေးဝမ်းကျောင်းကိုပဲလုပ်လုပ် တကယ်တော်တကယ်တတ် တကယ်အောင်မြင်သူတွေဖြစ်လာကြတယ်။

ကျွန်မတို့ပညာရေးစနစ် စတင်ပြောင်းလဲဖို့ကြိုးစားနေတာမြင်ရတာအလွန်ဝမ်းသာစရာပါ။ ဒါပေမယ့်.. ဟာကွက်တွေ အများကြီး….အသစ်ပြင်လိုက်တဲ့သင်ရိုးလေးတွေကောင်းတယ်။ ဒါပေမယ့် အရိုးစွဲနေတဲ့ ဆရာအချို့ရယ် မိဘအချို့ရယ် ဒီပညာရေးစနစ်ကို သဘောမပေါက်ကြသေးဘူး။ အိမ်စာတွေနင်းရေးခိုင်းပြီး အိမ်စာမလုပ်ချင် ကျူရှင်တက်ဆိုတာတွေ ရှိနေဆဲ..ငြိမ်ငြိမ်နေ မဆော့နဲ့ဆိုပြီး တုတ်မိုးပြီး စာရေးခိုင်းနေတဲ့ ဆရာမတွေရှိနေဆဲ..စာမှစာ ဘာမှမလုပ်ရဆိုတဲ့ မိဘတွေ.. ကျူရှင်အပြိုင်အဆိုင်ထားနေကြဆဲ။

ဒါသင်ဒါကျက်ကအောင်လာတဲ့ကလေးတွေ မေးခွန်းပုံစံကို ဉာဏ်စမ်းတွေ တိကနဲလုပ်လိုက်တဲ့အခါ မလိုက်နိုင်ကြဘူး။ ဘာလို့လဲ.. ဒီပညာရေးမှာ ကြီးပြင်းလာတဲ့ကလေးအတော်များ Engစာ သိပ်ညံ့တယ်။ ဆယ်တန်းမှာတောင် sentence မတည်ဆောက်တတ်သေးဘူး။ Subject..Verb..Object..ဆိုတာကိုခုမှပြန်သင်နေရတယ်။ ဆယ်တန်းရောက်မှ အလယ်တန်း Engစာ level ပြန်သင်နေရတယ်။ ဒီလိုကလေးတွေဟာ sentenceမတည်ဆောက်တတ်တဲ့အတွက် မေးခွန်း လှည့်ထားတာကို ကိုယ့် Eနဲ့ကိုယ်ပြေလည်အောင်ရေးပြနိုင်ဖို့ ခက်ခဲကြတယ်။ Eng ညံ့ခဲ့ခြင်းဟာ နယ်ကကလေးတွေ ဆယ်တန်း ဆိုတဲ့တောင်ကို ကျော်ဖို့ အခက်အခဲဖြစ်စေတယ်။

Eng စာတင်ညံ့တာလားဆိုတော့ မြန်မာစာညံ့တာက ဘွဲ့ရသည်ထိကို ညံ့တော့တာ။ ရသစာပေတွေ ဖတ်တတ်ရေးတတ် နားလည်မြတ်နိုးတတ် ဖန်တီးတတ်ဖို့ဆိုတာ ဝေလာဝေးတွေဖြစ်.. မြန်မာစာဂုဏ်ထူးဆိုတာ ကျောင်းတစ်ကျောင်းရဲ့ စာစီစာကုံး ရေးလေ့ရှိတဲ့ အတော်ဆုံးကျောင်းသားကလွဲ အိပ်မက်တောင် မမက်နိုင်ကြအောင်ဖြစ်လာကြတယ်။

အဓိကကိုပဲ ပြောရရင်….ပြုပြင်ပြောင်းလဲမယ့်ပညာရေးမှာ Eng စာသင်ကြားတာ levelမြင့်ပြီးတတ်အောင်သင်ပေးပါ။ Englishစာဆရာတွေကိုသီးသန့် trainingခေါ်ပေးပါ။ မြန်မာစာကို ခံစားရေးဖွဲ့သီကုံးတတ်တောင် လေ့ကျင့်ပေးပါ။ သိပ်တော်တဲ့မြန်မာစာဆရာ ဆရာမတွေ ကျွန်မသင်ခံခဲ့ရဖူးတယ်။ ဆရာဦးတင်စိုး.. ဆရာကြီးဦးငွေစန်း.. သူတို့မြန်မာ စာသင်ပေးတဲ့ကျေးဇူးခုထိဆပ်မကုန်ဘူး။ ယခုတိုင်ကျေးဇူးတင်ဆဲပဲ။ ကလေးတွေကို စာစီကုံးရေးသားတဲ့ အကျင့် မူလတန်းထဲကကျင့်ပေးပါ။ မကျက်ခိုင်းပါနဲ့ သူ့ဘာသူရေးချင်ရာရေးခိုင်းပါ။ မြန်မာတစ်ယောက်ဟာ မြန်မာစာကို ခံစားတတ်ရမယ် ရေးဖွဲ့တတ်ရမယ် တန်ဖိုးထားတတ်ရမယ်။ ငယ်ကတည်းကမတတ်တော့ ကြီးတော့လဲမတတ်တော့ဘူး။

ကိုယ့်ဉာဏ်ကိုသုံးပြီး အရာရာကို စဉ်းစားရေးသားလုပ်ဆောင်တဲ့ အကျင့်မွေးမြူပေးပါ။ ခေါင်းစဉ်တခုချ သူ့ဘာသူ ကုန်ကြမ်းရှာ သူ့ဘာသူရေးပြီး စာစောင်တွေ များများဖန်တီးရေးသား ခိုင်းပါ။ ဒါ နိုင်ငံခြားကျောင်းသားတွေလုပ်ရတဲ့ အခြေခံလေးတွေပါပဲ။

အနုပညာ အားကစား စတာတွေကို တကယ်တတ်ကျွမ်းသူတွေ သီးသန့်ခန့်ထားပေးနိုင်အောင် ဝန်ကြီးဌာနက ဆောင်ရွက် ပေးသင့်ပါတယ်။ လူတိုင်းက ဆရာဝန်ဖြစ်ဖို့မွေးလာတာမဟုတ်ဘူး. နိုင်ကံ့ဂုဏ်ဆောင်အားကစားသမားတွေ အနုပညာရှင် တွေ ပန်းချီပညာရှင်တွေဆိုတာ ဒီကျောင်းတွေက talentကိုအစပျိုးပေးခဲ့ကြရတာ။ သူတို့ကို ဘောလုံးမကန်ရ ပန်းချီမဆွဲရ music class မတက်ရ လို့လုပ်တာဟာ သူ့ကို မှန်ကန်တဲ့ပြေးလမ်းပေါ်ကဆွဲချပြီး ကိုယ့်ဆန္ဒနဲ့ သူ့ကိုပိတ်ဆို့နေတာမျိုးပဲ ဆိုတာလည်းမိဘတွေသတိရှိသင့်ပါတယ်။ တခြား carriculum တွေထပ်ထညိ့ဖို့လိုပါသေးတယ်။ ပညာရေးရေးဆွဲနေတဲ့ ပညာရှင်တွေလည်း တခြားနိုင်ငံက သင်ကြားမှု တွေကို မသိဘူးလို့တော့ရှိမယ်မထင်ပါဘူး။

အဓိကက..ဆရာတွေအရည်အချင်းပြည့်မှ ကျောင်းသားအရည်အသွေး့မြင့်တင်ပေးနိုင်ပါမယ်။ နိုင်ငံခြားက ဆရာတွေပါ ဖိတ်ခေါ်ပြီး trainingတွေ မကြာခန ပေးဖို့လိုအပ်ပါတယ်။ ဆရာဆရာမတွေအနေနဲ့လဲ ကိုယ့်အရည်အချင်းကို အမြဲသွေး နေဖို့ လိုအပ်ပါတယ်။

ပြဌာန်းစာအုပ်တွေရေးဆွဲတဲ့အခါ မြန်မာစာဆို မြန်မာစာပေပညာရှင်တွေနဲ့တိုင်ပင်သင့် Science subject ရေးဆွဲရင် Science မှာထူးချွန်သူပညာရှင်တွေနဲ့တိုင်ပင်သင့်..မယောင်ရာဆီလူမျိုး ငါအကုန်တတ် ငါဆုံးဖြတ်မျိုး မဖြစ်သင့်ပါဘူး။ ကလေးတွေပညာရေးဟာ ကျွန်မတို့နိုင်ငံရဲ့အနာဂတ်ပါ။ ဒါတွေအကုန်လုံးဟာ အသစ်ပြောင်းလဲလာတော့မယ့် ပညာရေးစနစ် အတွက်ကို ဆိုလိုပါတယ်။ ပညာရေးဟာ ပြောင်းကိုပြောင်းလဲရမှာပါ..၁၂ တန်းအထိ သင်ကြားမှုကို ကြိုဆိုပါတယ်..။

ကျွန်မတို့ဟာ..ကျွန်မတို့ကလေးတွေကို လောကအလည် အောင်မြင်စွာရပ်တည်နိုင်စေဖို့ ပြောင်းလဲတဲ့ စနစ်ကို မှန်ကန်စွာ အကောင်အထည်ဖော်နိုင်ဖို့လိုအပ်ပါတယ်..ဒါမှသာ..ဆရာဝန်တော့ဖြစ်ပါရဲ့ EQသိပ်နိမ့်တာမျိုး..ဆရာဝန်တော့ဖြစ်ပါရဲ့ လောကထဲထော်လော်ကန့်လန့် ဘယ်နေရာမှသုံးစားမရတာမျိုး.. ဆရာဝန်တော့ဖြစ်ပါရဲ့ တကိုယ်ကောင်းအလွန်ဆန်တဲ့ စာတော်လူမိုက်တွေ ဖြစ်လာတာမျိုး…စာတော့တော်ပါရဲ့ ဘယ်သူ့မှကောင်းကျိုးမပြုတာမျိုး.. စာတော့တတ်ပါရဲ့ လောက ကို ဖျက်မယ့်လူယုတ်မာဖြစ်နေတာမျိုး…ဘွဲ့တော့ရပါရဲ့ ဘယ်အလုပ်မှဖြစ်ထွန်းအောင်မလုပ်နိုင်တာမျိုး..ဒီလိုအရာတွေက ကင်းဝေးမှာဖြစ်ပါတယ်..

ပညာတတ်အောင်သင်ပြီးရင်လည်း ပညာရှင်ကိုနိုင်ငံတော်ကတန်ဖိုးထားတတ်ဖို့ သင့်လျော်တဲ့အလုပ်အကိုင် လစာ ပေးနိုင်ဖို့လိုအပ်ပါသေးတယ်။ ဒီနိုင်ငံကကလေးတွေ မှန်ကန်သောပညာသင်ကြားနည်းစနစ်နဲ့ ပျိုးထောင်မပေးနိုင်မချင်း.. အသိပညာ အတတ်ပညာပြည့်ဝတဲ့ လူသားအရင်းအမြစ် ထုတ်လုပ်မပေးနိုင်မချင်း ဒီနိုင်ငံတိုးတက်ဖို့မလွယ်ပါဘူး။

လူတွေရဲ့ ဦးနှောက်ကအတူတူပါပဲ။ လေ့ကျင့်ပေးပုံကွာလို့ တခြားနိုင်ငံနဲ့ကွာသွားတာပါ။ အုပ်ချုပ်စီမံခန့်ခွဲသူ လူတန်းစား တိုင်း ပညာရှိသူတွေဖြစ်မှ ပညာရှင်ကို မွေးထုတ်ဖန်တီး တန်ဖိုးထားနိုင်မှာပါ။ ပညာဆိုတာ အသိပညာ အတတ်ပညာ တခုခုကိုဆိုလိုပါတယ်။ တချို့နေရာတွေမှာ တော်ရင်တတ်ရင်ပုခုံးချင်းယှဉ်မစိုးလို့ ရိုက်ချပြီး လက်ညှိုးထောင် ခေါင်းငြိမ့်ပဲ နေရာပေးထားတာမျိုးကလည်း ဘယ်နေရာ ဘယ်ဌာန ဘယ်နိုင်ငံမဆို မတိုးတက်စေသောအကြောင်းရင်းတစ်ရပ်လည်း ဖြစ်ပါကြောင်း..

CREDITအရွေ့ကို မှန်ကန်စွာ ပညာရှိစွာ ရွေ့နိုင်ပါစေ လို့..မေတ္တာဖြင့် Dr.စိုးနန္ဒာထက်