Local News

မင်းဘူးတွင် ဒိုးဆက်လောင်းကစားမှုဖြင့် လူ ၄ ဦး ထောင်ဒဏ်ချမှတ်ခံရ

မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်မှာ ဒိုးဆက်လောင်းကစားမှုနဲ့ မြို့နယ်တရားရုံးက ရွာသား ၄ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တဲ့အပေါ်မှာ မကျေနပ်လို့ ခရိုင်တရားရုံးကို အယူခံတက်မယ်လို့ ပြစ်ဒဏ်ချမှတ်ခံရသူရဲ့ မိသားစုက ပြောပါတယ်။ ပြီးခဲ့တဲ့ဇူလိုင် ၁၀ ရက်နေ့က မင်းဘူး(စကု)မြို့နယ်၊ သမထီးကျေးရွာက မမျိုးမျိုးခိုင်ပါ ၄ ဦးကို လောင်းကစားဥပဒေပုဒ်မ ၁၆(က) အရ ထောင်ဒဏ် အသီးသီးချမှတ် လိုက်တာဖြစ်ပါတယ်။

ဒီလိုထောင်ဒဏ်ချမှတ်လိုက်တာဟာ မတရားဘူးဆိုပြီး ပြစ်ဒဏ်ချမှတ်ခံရသူတွေရဲ့ မိသားစုက မကွေးမြို့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရသူတွေရဲ့ အစ်မတော်စပ်သူ ဒေါ်လှလှမော်က “စကုနယ်မြေရဲ့စခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ လာရောက်ဖမ်းဆီးစဉ်က ဒိုးဆက်လောင်းကစားနေတာ မဟုတ်ဘဲ အကြော်ထိုင်စားနေကြတာ။ ဒိုးဆက်တွေရှိတဲ့ ဆန်ကောထဲမှာ ငွေ ၆၅၀ ကျပ်သာရှိပြီး ရင်ဘတ်ထဲကငွေတွေ ထုတ်ခိုင်းလို့ ငွေတစ်သောင်း ကျော်ဖြစ်သွားတာပါ” လို့ ပြောပါတယ်။

ဒိုးဆက်လောင်းကစားရင်း ဖမ်းမိတာမဟုတ်ဘူးလို့ ထွက်ဆိုခဲ့ပေမဲ့ မင်းဘူးမြို့နယ်တရားရုံး က အမှုကို ၁ နှစ်လောက် ကြာမြင့်အောင်စစ်ဆေးပြီး အိမ်ရှင်ကို ထောင်ဒဏ် ၁ နှစ်၊ ထိုးသားတွေကို ၆ လ ပြစ်ဒဏ်အသီးသီးချမှတ်တာဟာ တရားမျှတမှုမရှိတာကြောင့် ခရိုင်တရားရုံးကို အယူခံ တက်မယ်လို့ ဆိုပါတယ်။ လောင်းကစားဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း ပြစ်ဒဏ်ချမှတ်တာဖြစ်ပြီး ကျေနပ်မှုမရှိပါက မင်းဘူးခရိုင်တရားရုံးကို အယူခံတက်ခွင့်ရှိတယ်လို့ မင်းဘူးမြို့နယ်တရားရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီဗြီဘီ