Celebrities

အဆိုတော် ယုန်လေး သီချင်းနှင့်ပတ်သက်ပြီး အေးနေဝင်းရဲ့ ဝေဖန်သုံးသပ်ချက်

သုံးရက်လောက်နေတော့ နည်းနည်း အနည်ထိုင်စပြုတော့မှ အခြေအနေ ရုပ်လုံးပေါ်လာတယ်။ ဒီ ဗီဒီယိုထွက်လာပြီး အဖွဲ့အစည်း အသီးသီးအပေါ် အကျိုးသက်ရောက်မှုတွေကိုကြည့်ရင် ..

(၁) NLD ဖက်က ပေါင်းလက္ခဏာ ဆောင်တဲ့ အောင်မြင်မှုအရရှိဆုံးပဲ။ သူ့ပါတီကိုထောက်ခံသူတွေ အခု တစ်ချိန်တည်းမှာ အသံကျယ်ကျယ်လောင်လောင် ထွက်လာတယ်။ အနုပညာရှင် အချို့ကပါ ဒီဗီဒီယိုကို ဝေဖန်ခံရတော့ သူတို့နောက်ကအားပေးတဲ့ ပရိတ်သတ်တွေကိုပါ ရွေးကောက်ပွဲနှစ်မှာ ကြိုတင်စုစည်းပေးလိုက်သလိုဖြစ်သွားတယ်။ နောက်ပြီး နိုင်ငံတကာမှာ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ရဲ့ လုံခြုံရေးကို နှောက်ယှက်တဲ့ ဖြစ်ရပ်သို့မဟုတ် ပုံရိပ်ကို ဖြစ်ပေါ်စေရင် အဆိုပါခေါင်းဆောင်အပေါ်မှာ ကြည်ညိုမှု ကရုဏာ ဖြစ်စေတာ ထုံးစံပဲ။ ၁၉၈၁ ခုနှစ် မတ်လ (၃၀) ရက်နေ့မှာ အမေရိကန်သမ္မတ ရေဂင်ကို သေနတ်သမား ဂျွန် ဟင်ကလီက မအောင်မြင်သော လုပ်ကြံမှုတစ်ခုဖြစ်ခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့တဲ့ ဗီဒီယိုကို လူတွေမြင်ခွင့်ရလိုက်တယ်။ ဒီဗီယိုမထွက်ခင် သမ္မတရဲ့ ထောက်ခံမှုစစ်တမ်း ၆၀% ရှိရာကနေ ဗီဒီယိုထွက်လာပြီးတော့ ၆၉% အထိခုန်တက်သွားတယ်။ ဒါက တကယ်ဖြစ်ခဲ့တာ၊ တကယ်မဟုတ်ဘဲ အနုပညာလှုပ်ရှား ဖန်တီးမှုအနေနှင့် သမ္မတ လေယာဉ်အပိုင်စီးတာတို့၊ အိမ်ဖြူတော် အသိမ်းခံရတာမျိုး ရုပ်ရှင်ရိုက်ရင်လည်း လက်ရှိသမ္မတအတွက် စည်းရုံးရေး အမြတ်ထွက်တာပဲ၊ ဒါကြောင့် ကလင်တန်လက်ထက်ရိုက်တဲ့ Air Force One မှာ သမ္မတဇာတ်ရုပ်ကို ကလင်တန်တို့ မိသားစုပုံမျိုးရိုက်တာ၊ အိုဘားမားလက်ထက်က ဇာတ်လမ်းတွဲ 24 မှာ သမ္မတ Wayne Palmer ကို အိုဘားမားနှင့် ရုပ်တူအောင် ထည့်ရိုက်တာလေ။ ဒါ တွေကြောင့် အကျိုးဖြစ်ခဲ့ကြတယ်။ ဒါကြောင့် သမ္မတတွေဟာ ရွေးကောက်ပွဲနှစ်မှာ လုပ်ကြံဖို့ကြိုးစားခံရတဲ့ သူရဲကောင်း ဇတ်လမ်းမျိုး သိပ်ရိုက်စေချင်တာ။ အခုလည်း ဒီမှာ ဟိုနေ့က video ထွက်ပြီးတဲ့နောက် NLD ခေါင်းဆောင်ပိုင်း အတွက် တကယ်လည်း စည်းရုံးရေး အထောက်အကူဖြစ်သွားတာပဲ။ ပထမပိုင်း အကွက်မှာ စီးပွားရေး ရပ်ဆိုင်းလို့ အောက်ခြေလူကတန်းစားတွေ ထိခိုက်တာမျိုးရိုက်တာကြောင့် တကယ် ခံစားရသူတွေကြားမှာ NLD ပုံရိပ်ကို အထိုက်အလျောက် ထိခိုက်စေပေမယ့် နောက်ဆုံးမှာ ကရုဏာအပြည့်ပြန်ရလို့ အားလုံးခြုံကြည့်ရင် NLD အမြတ်အထွက်ဆုံးပဲ။ NLD က စီမံခန့်ခွဲမှုလိုအပ်ချက်ကြောင့် သက်တန်းငါးနှစ်အတွင်း အားမရစရာ ဖြစ်ခဲ့တာတွေကို ခေါင်းဆောင်ပုံရိပ်နှင့် ပြန်ဆယ်ပြီး အခြေအနေကောင်းနိုင်သေးတယ်ဆိုတဲ့သဘော သိလိုက်ရတယ်

၂။ ပြည်ခိုင်ဖြိုး ဖက်ကကျတော့ အဂွမ်းဆုံးဖြစ်သွားတာ၊ အစည်းဝေးမှာ NLD အမတ်မင်းတွေရော၊ ပြည်ခိုင်ဖြိုး အမတ်မင်းတွေရော တက်ရောက်ဆွေးနွေးပေမယ့် NLD အမတ်တွေကိုပဲ ပရိသတ်က သတိထားမိကြတာ၊ ပြည်ခိုင်ဖြိုးကို လူရာသွင်းပြီး ထည့်ကို အပြောမခံရတာ ပထမ ဂွမ်းချက်၊ နောက်ဆုံး ပြည်ခိုင်ဖြိုး ဥက္ကဌ ဦးသန်းဌေးပုံထည့်လိုက်တာကကျတော့ ….. အိုး ဘာပြောကောင်းမလဲ။ ဤနေရာတွေ သေးပန်းပါလို့ ဆိုင်းဘုတ်ချိတ်ပေးလိုက်တာကျ နေတာပဲ၊ ဒီဗီဒီယိုကို မကြိုက်တဲ့သူတွေက ယုန်လေးပြီးရင် မို့မို့မြင့်အောင် ဒုတိယလိုက်ပြီး ဆဲကြလိမ့်မယ်လို့ ထင်တာ ဦးသန်းဌေးက သူလည်း ဝင်မရိုက်ရရှာဘဲ မမို့ရဲ့ နေရာဝင်ယူပြီး အဆဲခံပေးသွားတာ။ လှုပ်ရှားပြီး သရုပ်ဆောင်စရာတောင် မလိုဘူး။ ရုပ်သေ ဓါတ်ပုံလေးနှင့် အဆဲခံသရဖူ ဝင်လုသွားတာ။ “ထသွားမှ အကျိုးမှန်းသိ” လို့ဆိုရအောင်ကလည်း သူက ဖိုးပါချင်အဖြစ် ဝင်သရုပ်ဆောင် ရတာလည်း မဟုတ်ဘဲ ပိဋကတ်တော်ထဲပါတဲ့ လေထဲလွင့်လာတဲ့ ဗီဒီယိုတည်းဟူသော မီးကွင်းက ကောင်းကင်ပျံနေတဲ့ ကျီးကန်းတည်းဟူသော ခမျာ ဦးသန်းဌေး လည်ပင်းကို အကုသိုလ်အကျိုးပေးချိန်မို့ တည့်တည့်ကြီး တက်စွပ်မိတာ။ ယုန်လေးကိုချစ်ကြတဲ့၊ အားပေးကြတဲ့ မိတ်ဆွေပရိသတ်တွေပင်လျင် အခြားရိုက်ချက်တွေကို ယုန်လေးဖက်က ဝင်ကာကွယ်ပေးကြပေမယ့် ဦးသန်းဌေးပါထည့်လို့ အပြောခံရတာကိုကျတော့ ကာကွယ်ပေးစရာ ဆင်ခြေရှာမရခဲ့ဘူး။ ယုန်လေးက ဘယ်သူတိုက်တွန်းမှုမှ မပါဘဲ ရိုက်တယ်လို့ ရှင်းလိုက်ပြီ၊ တစ်ယောက်ယောက် တိုက်တွန်းမှုများပါလို့ တိုက်တွန်းသူက ပြည်ခိုင်ဖြိုးဖက်ကဆိုရင်တော့ ကိုယ့်သေတွင်းကိုတူးခဲ့ကြတာပဲလို့ တွေးခဲ့မိတာ ယုန်လေးရှင်းလိုက်လို့ မဟုတ်မှန်းသိရတာတော်သေးတယ်။ အစကတည်းက ပြည်ခိုင်ဖြိုးကို ဆန့်ကျင်ဖက်က သူခိုးပါတီလို့ စွပ်စွဲနေကြတာ။ တကယ်တော့ ခိုးတဲ့သူတွေ အများအပြား ပါကောင်းပါပေမယ်. တကယ်အရည်အချင်းပြည့်စုံသူတွေလည်း အများကြီးပါ။ သူတို့အောင်မြင်ချင်ရင် သူခိုးပုံရိပ်ကို ရှေ့တန်းမတင်ဘဲ၊ အရည်အချင်းရှိတဲ့ပုံရိပ်ကိုပွဲထုတ်ရမှာ၊ ဒီပါတီလည်း အခု ဗီဒီယိုကလှုပ်နှိုးလိုက်လို့ ကိုယ့်အဖြစ်ကိုယ်သိကြဖို့ကောင်းပြီ၊ ဘယ်လိုပုံရိပ်မျိုးပြောင်းလဲ ရှေ့တန်းတင်ရမယ်ဆိုတာတော့ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ကြတော့၊ ဒီအချိန်တောင် နှောင်းလွန်းပြီလားမသိ။ ပြည်ခိုင်ဖြိုးကျတော့ သူတို့အစိုးရ ငါးနှစ်သက်တမ်းအတွင်း အထိုက်အလျောက်လုပ်ပြနိုင်ခဲ့တဲ့ အနေအထား ကိုတောင် ခေါင်းဆောင်ပုံရိပ်ဂွမ်းနေမှုကြောင့် အတော်ကြီးရုန်းကန်ရဦးမှာ။

၃။ နောက်ဆုံး ရိုက်ခတ်မှုက အနုပညာကဏ္ဍ။ သူ့ရိုက်ထားတာကို ကြိုက်လို့ချီးမွမ်းတာ၊ မကြိုက်လို့ ဝေဖန်တာက သက်ဆိုင်ရာ ကာယကံရှင်တွေရဲ့ ပြောပိုင်ခွင့် လွတ်လပ်မှု။ ဒါပေမယ့် တော်တော်မျက်လုံးပြူးသွားမိတာက ဒီအထဲ ဝင်သရုပ်ဆောင်၊ သီဆိုခဲ့တဲ့ ကလေး တစ်ယောက်၊ နှစ်ယောက်ဆီက တိုက်ရိုက်ပြန်ကြားရတာ။ သူတို့ပြောတာက “လူတွေ စိတ်ဓာတ်တွေမကောင်းဘူး။ line ပေါ် မတင် ခင် ရုပ်ရှင်ရုံမှာ အားလုံးစုကြည့်တဲ့အချိန်မှာ လက်ခုပ်တွေဝိုင်းတီးကြပီးတော့၊ အမှားဆိုပီးဖြစ်လာတော့မှ အချင်းချင်းတောင်ပြန်ကျုံးကြတယ် ” တဲ့။ အဲလို မတင်ခင် အမြည့်ကြည့်ခဲ့ဖူးသူတွေက နောက်မှ ပြန်ဖောင်းထုတဲ့အထဲပါတဲ့ သက်သေတွေ ပေါ်လာရင် သူတို့လည်း ဂွမ်းပြီနော်။ ဦးသန်းဌေးရေ.. အားမငယ်ပါနှင့်။ ဂွမ်းဖော် ဂွမ်းဖက်တွေ အဆဲခံသရဖူပြန်လုချင်လုသွားဦးမှာ။

#credit