Knowledge

လူတစ်ယောက်သေလျှင် လက်မနှစ်ခုနှင့် ခြေမနှစ်ခုကို ကြိုးချည်ထားတတ်သည် ဘာကြောင့်လဲ…?

လူတစ်ယောက်သေလျှင် လက်မနှစ်ခုနှင့်ခြေမနှစ်ခုကိုကြိုးချည်ထားတတ်သည်။ဘာကြောင့်မှန်းမသိခဲ့ပါ။
ထုံးစံအရလုပ်သည်ဟုသာ နားလည်ထား၏။ဟိုတုန်းက ဆရာတော်တစ်ပါးဟောကြားသောတရားကိုနာရင်း ဤအကြောင်းကို သိခွင့်ရခဲ့သည်။ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေနားထောင်ရင်းသဘောကျမိသည်။ဓမ္မမိတ်ဆွေများ အကျိုးရှိနိုင်သည့်အတွက်ဖော်ပြလိုက်ပါသည်။တစ်ခါတုန်းက လယ်ပိုင်ရှင်သူဌေးတစ်ယောက်ဆီမှအခစားလုပ်သည့် သူရင်းငှားတစ်ယေက်ရှိသည်။နေ့စဉ်လုပ်နေသော်လည်း ကြီးပွားတိုးတက်ခြင်းမရှိ၍စိတ်ပျက်နေလေ၏။တစ်နေ့၌ စဉ်းစားမိ၏။လယ်ပိုင်ရှင်ထံ လယ်တောင်းမည်။ကိုယ်ပိုင် လယ်လုပ်ခွင့်ရလျှင် စီးပွားရေး အဆင်ပြေနိုင်သည်။

“သူဌေး … သူဌေးမှာ မျက်စိတစ်ဆုံး လက်ညိုးထိုးမလွဲလယ်တွေအများကြီးပါ။ကျွန်တော့်မှာ လယ်တစ်ကွက်တောင်မရှိဘူးလယ်တစ်ရှင်စာလောက်ပေးပါ။”လယ်တစ်ရှင်စာဆိုတာ နွားနှစ်ကောင်နှင့်တစ်မိုးတွင်း လုပ်ကိုင်လောက်တဲ့ မြေကိုပြောတာပါ။သူဌေးက သူရင်းငှားကိုကြည့်ပြီး သနားသွားပါတယ်။“မင်းလိုချင်သလောက် ငါပေးမယ်။ရော့ ဒီမှာ ငုတ်တစ်ချောင်း …ရော့ ဒီမှာ တုတ်တစ်ချောင်း …ဒီကနေသွားပါ။မင်းလိုချငသလောက် လယ်မြေကိုရောက်ရင်ငုတ်ကို တုတ်နဲ့ရိုက်ပြီး မှတ်ထားခဲ့။ငုတ်အတွင်းကို မင်းပိုင်တဲ့ မြေအဖြစ် မှတ်ထားခဲ့။”သူဌေးစကားဆုံးတော့ သူရင်းငှားခမျာဘယ်လောက်ဝမ်းသာမလဲ စဉ်းစားကြည့်ပါ။

တုတ်နဲ့ငုတ်ကို ကိုင်ပြီး …ခပ်သွက်သွက်လျှောက်သွားပါတယ်။ပြီးတော့ နောက်ပြန် ကြည့်လိုက်ပါတယ်။စိတ်ထဲမှာလည်း တွေးလိုက်ပါတယ်။“နည်းသေးတယ်” ဟူ၍ ဖြစ်ပါသည်။ငါလမ်းလျှောက်တာ နှေးလို့ဖြစ်မယ်ဆိုပြီးမပြေးရုံတမယ် သွားပြန်ပါတယ်။“နည်းသေးတယ်” ဟူ၍ပင် ဖြစ်ပါသည်။မိမိရပြီးသား ဥစ္စာများနှင့်နောက်ထပ်ရမည့် ပစ္စည်းဥစ္စများကိုတဏှာမျက်လုံးနှင့်ကြည့်လျှင်အဖြေက တစ်ခုတည်း ဖြစ်ပါသည်။“နည်းသေးတယ်”ဟူ၍ ဖြစ်ပါသည်။ဓမ္မမိတ်ဆွေများခင်ဗျာ ……။

မိုးလင်းမှ မိုးချုပ် တကုပ်ကုပ်နဲ့ မမောနိုင်မပန်းနိုင်ရှာဖွေနေကြခြင်းသည် တဏှာက ခိုင်းလို့ဖြစ်ပါသည်။မိုးချုပ်လို့ စာရင်းသိမ်းပြီး “နည်းသေးတယ်”ထပ်ရှာဦးမယ် တွေးခြင်းသည် တဏှာ၏ သတ္တိဖြစ်ပါသည်။ဘုရားမသွားနိုင် ကျောင်းမတက်နိုင်အောင်ခိုင်းနေတာ တဏှာပင်ဖြစ်သည်။တရားမနာနိုင်အောင်ခုနှစ်ရက်မျှ တရားအားမထုတနိုင်အောင်တရားအတွက် အချိန်မပေးနိုင်အောင်ခိုင်းနေတာ တဏှာဖြစ်၏။ရက်ကြီးအခါကြီးမှာ အများသူငါ ကုသိုလ်တွေပြုလို့……။တွေကို မြင်သော်လည်း …ဒီရက်က စျေးရောင်းလို့ ပိုကောင်းတယ်ဆိုပြီးဘုရားကျောင်းကန် မျက်နှာလွှဲတာ တဏှာကြောင့်ဖြစ်သည်။သူရင်းငှားက နည်းသေးတယ်အတွေးနဲ့ငုတ်နဲ့ တုတ်ကိုမြေမှာချခါးတောင်းကို မြှောင်အောင်ကျိုက်ပြီးတုတ်နဲ့ ငုတ်ကိုကိုင်ပြီး ပြေးပါတော့တယ်။များများရဖို့ မြန်မြန်ပြေးနေခြင်းပါ။

ပြေးရင်းပြေးရင်း အမောဆို့ပြီးလယ်ကွက်တစ်ခုထဲကို မှောက်လဲသွားပါတယ်။ကူမည့်သူမရှိဘဲ မှောက်လဲနေတော့ပါးစပ်ထဲနှာခေါင်းထဲမှ ရေဝင်ပြီးသေသွားပါတယ်။အတော်ကြာမှ လယ်ပိုင်ရှင်က _“ဟေ့ သူရင်းငှား လယ်ယူဖို့သွားတာပြန်လာတာမတွေ့သေးဘူး လာလိုက်ကြစို့” လို့အနီးရှိ လူများခေါ်ပြီး လိုက်ကြည့်ပါတယ်။လယ်ကွက်ထဲမှာ မှောက်လဲသေတာ တွေ့တော့စိတ်မကောင်းစွာနဲ့ ဘေးကလူတွေကို ပြောပါတယ်။ငါက လယ်မြေတွေကို လိုသလောက်ပေးတယ်သူက ခြောက်ပေပဲယူသွားတယ် ပြောပြီး…မြေမြုတ်ဖို့ ခြောက်ပေတွင်း တစ်တွင်းတူးခိုင်းပါတယ်။တွင်းတူးနေတုန်းမှာ မှောက်ခုံကြီး သေနေတဲ့သူရင်းငှားကို ပက်လက်လှန်လိုက်ပါတယ်။လက်ထဲက တုတ်နဲ့ ငုတ်က ပြုတ်မထွက်ဘဲကိုင်ထားမြဲ ဖြစ်နေပါတယ်။

လယ်ပိုင်ရှင်က သေသေချာချာကြည့်ပြီးအလောင်းကို တွင်းထဲမချခင်တုတ်နဲ့ ငုတ်ကို သူရင်းငှား လက်ထဲမှ ဖြုတ်လိုက်ပြီးကြိုးတစ်ချောင်းနဲ့ လက်မနှစ်ချောင်းကိုပူးချည်လိုက်ပါတယ်။ဘေးကလူတွေက လယ်ပိုင်ရှင်ကိုဘာလုပ်ဖို့ချည်တာလဲလို့ မေးတော့လယ်ပိုင်ရှင်က ပြန်မဖြေသေးဘဲခြေမနှစ်ချောင်းကို ပူးပြီး ကြိုးနဲ့ချည်ပြန်ပါတယ်။ပြီးမှ ဘေးကလူတွေကို ရှင်းပြပါတယ်။“တုတ်နဲ့ ငုတ်ကိုင်ပြီး ညညပြေးနေမှာစိုးလို့ခြေမနဲ့ လက်မကို ကြိုးချည်ထားတာပါလို့”ဖြေလိုက်ပါတယ် ………။မကြာခဏဆိုသလို မိမိကိုယ်ကိုပြန်မေးသင့်တဲ့ မေးခွန်းလေး တစ်ခုရှိပါတယ်။နင်ပြေးနေတုန်းလား ?ငုတ်ရိုက်နေပြီလား ? ဆိုတာပါပဲ။( ဓမ္မဒူတ အရှင်ပညာဝရ )
Credit