International News

ဘေရွတ်ပေါက်ကွဲမှုအရှိန်နှင့် လွင့်ပျောက်သွားခဲ့ရသည့်အမျိုးသားကို ပင်လယ်ပြင်တွင် အသက်ရှင်လျက်ပြန်လည်ရှာတွေ့

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ဆိပ်ကမ်းက ပေါက်ကွဲမှုကြီးကြောင့် သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေနဲ့ မြင်မြင်သမျှ ပူပင်သောကဝေစရာအတိဖြစ်နေချိန်မှာ အမျိုးသားတစ်ဦးကတော့ အတော်လေးကံကောင်းတယ်လို့ ဆိုရမှာပါ။ အမိုင်းအယ်လ်ဇာဟစ်ဆိုသူ အသက် ၄၂နှစ်အရွယ်အမျိုးသားက ပေါက်ကွဲမှုဖြစ်ချိန်မှာ အဆိုပါဆိပ်ကမ်းမှာပဲရှိနေခဲ့တာဖြစ်ပြီး အင်မတန်မှအားပြင်းလှတဲ့ပေါက်ကွဲလွင့်စင်မှုအရှိန်နဲ့ လွင့်ထွက်သွားခဲ့တာဖြစ်ပါတယ်။

ဘေရွတ်မြို့တော်ရဲ့ထက်ဝက်မျှလောက် ပြိုပျက်စီးသွားခဲ့ရပြီး လူပေါင်း ၃၀၀၀၀ဝမျှ အိုးမဲ့အိမ်မဲ့ဖြစ်သွားရလောက်အောင် ပြင်းထန်တဲ့ပေါက်ကွဲမှုအရှိန်ဖြစ်ခဲ့တာပါ။ ကလေးနှစ်ယောက်ဖခင်လည်းဖြစ်တဲ့ အမိုင်းကို မိသားစုဝင်တွေက နေရာတိုင်းမှာ၊ ဆေးရုံတိုင်းမှာ လိုက်လံရှာဖွေနေခဲ့ပေမယ့် ပြန်မတွေ့နိုင်တော့ဘဲ သေဆုံးသွားပြီလို့ ထင်မှတ်နေခဲ့ကြတာဖြစ်ပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီး နာရီပေါင်း ၃ဝအကြာမှာ လက်ဘနွန်ရေတပ်က အမိုင်းကို ပင်လယ်ပြင်မှာ ဒဏ်ရာတွေနဲ့ အသက်ရှင်လျက်ရှာဖွေတွေ့ရှိပြီး ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘေရွတ်ဆိပ်ကမ်းကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ပေါက်ကွဲမှုမတိုင်မီ ၁ဝမိနစ်အလိုလေးတင်ကမှ သူရဲ့ဓာတ်ပုံကို ညီဖြစ်သူမိုဟာမက်ဆီ ပေးပို့ခဲ့တာဖြစ်ပါတယ်။ နေရာတိုင်းမှာ ကယ်ဆယ်ရှာဖွေမှုတွေ လုပ်ဆောင်နေကြရချိန် အမိုင်းကို ပြန်ရှာတွေ့နိုင်ဖို့ ကြိုးပမ်းနေခဲ့ပေမယ့် မျှော်လင့်ချက်ပျက်လုနီးနီးဖြစ်ခဲ့ရပြီးမှ ပြန်ရှာတွေ့ပြီဆိုတဲ့ သတင်းရလိုက်တာလို့ညီဖြစ်သူ မိုဟာမက်က ဆိုပါတယ်။ အမိုင်း အသက်ရှင်နေသေးတယ်ဆိုတာကို လက်ဘနွန်ကြက်ခြေနီနဲ့အရပ်သားကာကွယ်ရေးအဖွဲ့ဆီမှာ စုံစမ်းအတည်ပြုထားခဲ့ပြီဖြစ်ပေမယ့် ဖရိုဖရဲအခြေအနေတွေကြောင့် ဘယ်ဆေးရုံမှာကုသမှုခံယူနေသလဲဆိုတာကိုတော့ မသိကြရသေးဘူးလို့ မိုဟာမက်က ဆိုပါတယ်။

#credit