Knowledge

စွန့်ပစ်သစ်သားတွေကနေ အရုပ်ကြီးတွေကို ဖန်တီးသူ

သူ့နာမည်ကတော့ Thomas Dambo ဖြစ်ပြီး ဒိန်းမတ်အနုပညာရှင်တယောက်ဖြစ်ပါတယ်။ ကိုဗင်ဟေဂင်မြို့မှာနေထိုင်ပြီး စွန့်ပစ်ပစ္စည်းတွေကနေ အနုပညာတွေကို ဖန်တီးရတာကိုနှစ်သက်သူဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ဒိန်းမတ်နိုင်ငံ Kolding မှာ ဒီဇိုင်းပညာသင်နေစဉ်အတွင်းမှာပဲ ငှက်ကလေးတွေနေထိုင်ဖို့ အိမ်တွေကို စွန့်ပစ်သစ်သားတွေကနေ ဖန်တီးပေးခဲ့ပါတယ်။ ငှက်အိမ်စုစုပေါင်း ၂၅၀ ပါဝင်တဲ့ သူ့ရဲ့ပရောဂျက်ကို 250 BIRDHOUSES လို့ အမည်ပေးခဲ့ပါတယ်။

ငှက်အိမ်တွေ ၊ ဘဲအိမ်တွေ တည်ဆောက်ခဲ့သလို တဖက်ကလည်း သစ်သားအရုပ်ကြီးတွေကို ဖန်တီးခဲ့ပါတယ်။ ၃နှစ်အတွင်းမှာ သစ်သားအရုပ်ကြီးပေါင်း ၂၅ ရုပ်ကို ဖန်တီးနိုင်ခဲ့ပြီး ၆ ရုပ်ကတော့ သူ့ရဲ့ဇာတိမြေ ကိုဗင်ဟေဂင်မြို့မှာ ရှိနေပါတယ်။ သူ့ရဲ့အရုပ်ကြီးတွေကို လူတွေ သိပ်သတိမထားမတဲ့ နေရာမျိုးတွေမှာပဲ ထားလေ့ရှိပါတယ်။

သူ့ရဲ့သစ်သားရုပ်တွေကို အားလုံးကို စွန့်ပစ်သစ်သားအဟောင်းတွေနဲ့ပဲ တည်ဆောက်ထားတာဖြစ်ပါတယ်။ အသုံးမလိုတော့တဲ့ စွန့်ပစ်ပစ္စည်းတွေကနေ စိတ်ဝင်စားစရာအနုပညာကို ဖန်တီးနိုင်တယ်လို့ သူက ဆိုပါတယ်။ အရုပ်တရုပ်မှာ သစ်သားပြားပေါင်း အခု ၆၀၀လောက်ပါဝင်ပြီး ဒါတွေကိုတော့ အိမ်ခြံစည်းရိုးအပျက်တွေ ၊ စွန့်ပစ်နေရာတွေ ၊ အမှိုက်ပုံတွေကနေ ရှာဖွေစုဆောင်းခဲ့တယ်လို့ သိရပါတယ်။

စုဆောင်းရရှိထားတဲ့ သစ်သားဟောင်းတွေကို အရုပ်ကြီးတွေအဖြစ် ပြန်လည်ဖန်တီးတဲ့အခါမှာတော့ ထားမယ့်အနီးတဝိုက်ဒေသခံ စေတနာ့ဝန်ထမ်းတွေရဲ့ အကူအညီကို ယူခဲ့ရပါတယ်။ သစ်သားရုပ်တုကြီးတွေ တည်ဆောက်ပြီးတဲ့အခါ အဲဒီနေရာရဲ့ အမှတ်အသားတခုအဖြစ်ထားခဲ့ပြီး အရုပ်ရဲ့နာမည်ကိုလည်း ပါဝင်ကူညီသူထဲက တယောက်ယောက်ရဲ့နာမည်ကိုပေးလေ့ရှိတယ်လို့ သူကဆိုပါတယ်။

ယခုအချိန်မှာတော့ သူတည်ဆောက်ခဲ့တဲ့ သစ်သားရုပ်ပေါင်း ၄၀ကျော်ရှိနေပြီဖြစ်ပါတယ်။ သူ့နိုင်ငံ ဒိန်းမတ်သာမကပဲ အမေရိကန် ၊ သြစတြေးလျ ၊ ဂျာမနီ ၊ တောင်ကိုရီးယား ၊ ဘရာဇီး ၊ ကနေဒါ စတဲ့နိုင်ငံပေါင်းများစွာမှာလည်း သူ့အရုပ်ကြီးတွေကို ဖန်တီးထားခဲ့ပြီး အခြားအနုပညာပရောဂျက်ပေါင်းများစွာကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ စွန့်ပစ်သစ်သားတွေကနေ သူတည်ဆောက်ခဲ့တဲ့ သစ်သားရုပ်ကြီးတွေထဲက အချို့ကို ဖော်ပြလိုက်ပါတယ်။

#credit thutazone