International News

ကမ္ဘာ့ပထမဆုံး ကိုဗစ် ၁၉ ကာကွယ်ဆေးကို သြဂုတ်လ ၁၀ ရက်နေ့မှာ မှတ်ပုံတင်မယ်ဟု ရှရှားကြေငြာ

ရုရှားနိုင်ငံဟာ Covid-19 ကာကွယ်ဆေး ရှာဖွေမှုမှာ စမ်းသပ် အောင်မြင် ခဲ့တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ထုတ်ပြန်ကြေညာ ခဲ့တဲ့အတိုင်း လာမယ့် သြဂုတ်လ ၁၀ ရက်ကနေ ၁၂ ရက်အတွင်း ဒီကာကွယ်ဆေးကို ကမ္ဘာ့ပထမဆုံး Covid-19 ကာကွယ်ဆေးအဖြစ် မှတ်ပုံတင် သွားမယ်လို့ ဆိုပါတယ်။မှတ်ပုံတင်ပြီးသွားရင် ဒီဆေးဟာ ကမ္ဘာ့ကပ်ရောဂါ အဖြစ်ရင်ဆိုင်နေရတဲ့ Covid-19 ရောဂါ ကူးစက်မှု မရှိအောင် ကာကွယ်နိုင်မဲ့ ပထမဆုံး ကာကွယ်ဆေးအဖြစ် ထွက်ပေါ်လာမှာဖြစ်တယ်လို့ ဒီဆေးကို ထောက်ခံထားတဲ့ အဖွဲ့အစည်းတွေက ပြောကြားခဲ့ ပါတယ်။ဒီကာကွယ်ဆေးဟာ မော်စကိုက Gamaleya Institute နဲ့ ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဘရံပုံငွေ (RDIF) တို့ ပူးပေါင်း သုတေသန ပြုဖော်ထုတ်ခဲ့တာဖြစ်ပြီး တကယ်လို့ မှတ်ပုံတင်ပြီးစီးသွားမယ်ဆိုပါက သုံးရက်ကနေ ခုနှစ်ရက် အတွင်း ပြည်သူတွေကို ကာကွယ်ဆေးအဖြစ် တရားဝင် ထိုးနှံပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှား အစိုးရပိုင် သတင်းဌာန RIA Novosti news ကတော့ ဒီကာကွယ်ဆေးကို သြဂုတ်လ ၁၅-၁၆ မှာ ခွင့်ပြုမိန့် မှတ်ပုံတင်ထုတ်ပေးဖို့ ဆောင်ရွက်နေတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးတော့ Gamaleya Institute နဲ့ RDIF တို့ နှစ်ဖက်စလုံးက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။ ဒီကာကွယ်ဆေး စမ်းသပ်စစ်ဆေးမှုနဲ့ ပတ်သက်ပြီး ဘယ်လိုသော အချက်အလက်တွေကိုမှ အများပြည်သူ သိအောင် ထုတ်ပြတ်ခဲ့ခြင်း မရှိသေးတာက ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သံသယတော့ ရှိစေတယ်လို့ ဆိုနေကြပါတယ်။

ဒီဆေးကို စမ်းသပ် သုတေသန ပြုနေသူတွေအနေနဲ့ ကာကွယ်ဆေးဟာ အများပြည်သူ အသုံးပြုဖို့အတွက် လုံခြုံစိတ်ချမှုရှိကြောင်းလည်း တိတိပပ ပြောကြားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ နောက်တစ်ပတ် ထဲမှာတော့ ဒီကာကွယ်ဆေးကို ရုရှား၊ ဆော်ဒီအာရေးဗီးယားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) တို့မှာ စမ်းသပ် သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ Source ; Myanmar Harp#credit