International News

ဒေါက်တာမိမိအောင်တို့အဖွဲ့ရဲ့ ကမ္ဘာ့ပထမဆုံး ဂြိုဟ်ပေါ်ပျံဝဲမယ့် ရဟတ်ယာဉ်ကို Atlas V 541 ဒုံးပျံနဲ့အတူ အင်္ဂါဂြိုဟ်ထံ လွှတ်တင်

ဒေါက်တာမိမိအောင် ဦးဆောင်တဲ့အဖွဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာ့ပထမဆုံး ဂြိုဟ်ပေါ်ပျံဝဲမယ့်ရဟတ်ယာဉ်(Mars Helicopter)ကိုတော့ နာဆာအဖွဲ့ရဲ့ ဒုံးပျံနဲ့အတူ အင်္ဂါဂြိုဟ်ဆီ လွှတ်တင်လိုက်ပါပြီ။ လွှတ်တင်လိုက်တဲ့ ဒုံးပျံကတော့ Atlas V 541 ဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်ကိုရောက်ဖို့ ၇ လ ကြာမြင့်မှာပါ။ ဒုံးပျံမှာ တင်ဆောင်သွားတဲ့ Perseverance ဂြိုဟ်ပေါ် ဆင်းသက်ရေးယာဉ်ကတော့ ဂျီဇီးရိုးချိုင့်ဝှမ်း(Jezero Crater)ကို ဆင်းသက်မှာပါ။ အင်္ဂါဂြိုဟ်ရဲ့ ဘယ်နေရာကို ဆင်းသက်ရမလဲဆိုတာနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေက ၅ နှစ် အချိန်ယူဆုံးဖြတ်ခဲ့ရတာပါ။အဲဒီနေရာဟာ ရှေးကာလတုန်းက ရေကန်နဲ့ မြစ်ဝန်းဒေသဖြစ်ခဲ့လို့ နမူနာအမျိုးအစား စုံစုံလင်လင် စုဆောင်းနိုင်လိမ့်မယ်လို့ စီမံကိန်းဆိုင်ရာ သိပ္ပံပညာရှင် ကေတီစတက်မော်ဂန်က ပြောပါတယ်။ အလေးချိန် တစ်တန်ရှိပြီး ဘီး ၆ လုံး ပါတဲ့ ဂြိုဟ်ပေါ်ဆင်းသက်ရေးယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ ရယူစုဆောင်းခဲ့တဲ့ ကျောက်တွေ၊ မြေသားတွေကို အခုဆယ်စုနှစ်နှောင်းပိုင်းမှာ ကမ္ဘာမြေထံ ပြန်ပို့ပေးမှာပါ။အင်္ဂါဂြိုဟ်ပေါ်ကို ဂြိုဟ်ပေါ်ဆင်းသက်ရေးယာဉ်(Perseverance) ဆင်းသက်နိုင်ဖို့ လုပ်ဆောင်ရမယ့် ၇ မိနစ်ကြာ အခိုက်အတန့်က သည်းထိပ်ရင်ဖိုဖြစ်ရလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အင်္ဂါဂြိုဟ်လေထုမှာ လေထီးတွေကို ထိထိရောက်ရောက် အသုံးပြုနိုင်မှာမဟုတ်တဲ့အတွက် အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်ကို ညင်ညင်သာသာ ဆင်းသက်နိုင်ဖို့ ဒုံးပျံတွေအသုံးပြုပြီး နှေးကွေးအောင်လုပ်ဖို့လိုအပ်သလို ဂြိုဟ်ပေါ်ဆင်းသက်ရေးယာဉ်ကို ကောင်းကင်ကရိန်းနဲ့ တဖြည်းဖြည်းချင်း ချပေးရမှာပါ။နာဆာအဖွဲ့ရဲ့ အင်္ဂါဂြိုဟ်ခရီးစဉ်ဟာ ပြီးခဲ့တဲ့ ၁၁ ရက်အတွင်း တတိယမြောက် အင်္ဂါဂြိုဟ်ခရီးစဉ်( ယူအေအီးနှင့် တရုတ်နိုင်ငံတို့ကလည်း အင်္ဂါဂြိုဟ်ခရီးစဉ်များ စေလွှတ်ခဲ့) ဖြစ်ပါတယ်။
#credit