News

လုပ်အားခ ၄၅ ရက်စာတောင်းတဲ့ မြန်မာလုပ်သား၂၀၀ ကျော်ကို အလုပ်ရှင်မှ ထိုင်းရဲခေါ်ပြီးခြိမ်းခြောက်ဖိအားပေး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖရာ့ထိုင်းမြို့နယ်၊ မိုးပျံရထား BTS Payathai ဘူတာဘေးရှိ ဆောက်လုပ်ရေးဆိုဒ်တွင် MOU လုပ်သားအများစုပါဝင်ပြီး PJ နှင့် CI စာအုပ်သမားတွေ ရှိတဲ့ မြန်မာလုပ်သား ၂၀၀ ကျော်က ၎င်းတို့ ရသင့်တဲ့ လုပ်အားခအဖြစ် ၄၅ ရက်စာ ကို ဇူလိုင်လ၂၇ ရက်တွင် အလုပ်ရှင်ထံ တောင်းဆိုခဲ့ရာ အလုပ်ရှင်မှ ထိုင်းရဲခေါ်ပြီး အလုပ်သမားတွေကို ခြိမ်းခြောက်ဖိအားပေခဲ့တယ်လို့ သိရပါတယ်။“အလုပ်သမားတွေကလူဦးရေ ၂၀၀ ကျော်ရှိတယ်။ MOUအလုပ်သမားတွေများတယ်။ ဆောက်လုပ်ရေးလုပ်ငန်းမှာလုပ်ကိုင်နေတဲ့လူတွေ ပါ သူတို့လစာ ၄၅ ရက်စာတောင်းတာကို ထိုင်းပုလိပ်ခေါ်ပြီး အလုပ်သမားဖိအားပေးတာ ခြိမ်းခြောက်တာတွေလုပ်တယ်”လိုက (AAC မဟာမိတ်အဖွဲ့)ထိုင်းအခြေစိုက် အလုပ်သမားကူညီရေးအဖွဲ့မှတာဝန်ခံကိုရဲမင်းကMyanmar Labour News ကိုပြောပါတယ်။အဆိုပါ အလုပ်ရှင်မှ ထိုင်းရဲများခေါ်ကာ အလုပ်သမားများကိုခြိမ်းခြောက်ခြင်း၊ ဆဲဆိုခြင်း မတ်တတ်မရပ်ဘဲအားလုံး မြေကြီးပေါ် ထိုင်ခိုင်းခြင်း၊ သူဌေးတပည့် ထိုင်းလူမိုက်များက ဆဲဆိုကြိမ်းမောင်းခြင်းများ၊ လုပ်ဆောင်နေခြင်းများကို video ဖိုင်နှင့် AAC အဖွဲ့ထံ ပေးပို့အကူအညီတောင်းခံ လာခြင်းဖြစ်ပါတယ်။
“လက်ရှိအခြေအနေကတော့သောကြာနေ့မှာရှင်းကြမှာပေါ့။ အဲ့ဒီမှာ AAC အဖွဲ့တို့ သံရုံးတို့ကိုအကူအညီတောင်းထားတယ်။ သံရုံးနဲ့တော့သူတို့အချိတ်အဆက်မရသေးဘူး။ အကိုတို့ AAC အနေနဲ့တော့ဒါကအနိုင်ကျင့်တဲ့သဘောသက်ရောက်တာဖြစ်တယ်လို့မြင်တဲ့အတွက်ဝင်ဖြေရှင်းပေးမယ်”ဟုကိုရဲမင်းကပြောဆိုပါတယ်။ဇူလိုင် ၃၁ ရက်နေ့ နေ့လယ်၁နာရီတွင် ထိုင်းအလုပ်ရှင်သူဌေးနှင့်အလုပ်သမားများတွေ့ဆုံကာ လုပ်အားခဖြေရှင်းကြမည်ဖြစ်ပြီး AAC အဖွဲ့မှအလုပ်သမားများဘက်မှကူညီပံပိုးပေးသွားမယ်လို့ သိရပါတယ်။

#credit