Health & Knowledge

သွေးတိုးသမားများ အထူးစားသုံးသင့်၊ လေဖြတ်ခြင်းမှ ကာကွယ်ပြီး နှလုံးရောဂါသည်များအတွက် အထူးသင့်လျော်တဲ့ ဟင်းနုနွယ်

‌ေသွးတိုးသမားများ အထူးစားသုံးသင့်၊ လေဖြတ်ခြင်းမှ ကာကွယ်ပြီး နှလုံးရောဂါသည်များအတွက် အထူးသင့်လျော်တဲ့ ဟင်းနုနွယ်

ကျန်းမာရေးအတွက် ဟင်းနုနယ်ရွက်ဆေး တစ်ခွက်

မြန်မာပြည်မှာ များသောအားဖြင့် ဟင်းနုနယ်ကို ကြော်စားလေ့ရှိပါတယ်။ ထို့ပြင် ဟင်းချိုအဖြစ်လည်းကောင်း၊ ပုစွန်ခြောက် သို့မဟုတ် ငါးကျည်းခြောက်တို့ဖြင့် ရောကာကြော်ချက် ဟင်းရည်အဖြစ်လည်းကောင်း စားသုံးနိုင်ပါတယ်။ ဟင်းနုနယ်ရွက်သုပ်သည်လည်း အလွန်ထမင်းမြိန်စေပါတယ်။

မြန်မာပြည် အလယ်ပိုင်းတွင် ပန်းပွင့်အစိမ်းရောင်၊အဝါရောင်၊ အညိုရောင်ရှိသော ဟင်းနုနယ်မျိုးများကိုတွေ့ရပါတယ်။ ဟင်းနုနယ်ဆူးပေါက် ယာမြေတို့၏ သဘာဝမှ ထယ်ရေးမညက်လျှင် စိုက်ခင်းများထဲ၌ ပေါင်းပင်မျိုးစုံ တွေ့ရတတ်ပြီး ၎င်းပေါင်းပင်များထဲမှ သန်မာသော ဆူးများဖြင့် ဟင်းနုနယ်ပင်တစ်မျိုးမှာ နှိမ်နင်းရန် အလွန်ခက်ပါတယ်။ ဒေသအခေါ် ဟင်းနုနယ်ဆူးပေါက် ဖြစ်ပါတယ်။ အမြစ်များ တုတ်ခိုင်သန်စွမ်းပြီး မြေကြီးကို ကုပ်တွယ်စွမ်းအား ကောင်းတာကြောင့် ပေါင်းနုတ်ရာတွင် အလွန်လက်ဝင်ပြီး ခက်ခဲကြန့်ကြာစေပါတယ်။ ဟင်းနုနယ်ဆူးများက ရင့်လျှင်သန်မာပြီး လူကိုဆူးစူးမိလျှင် အဆိပ်ရှိသည့် အကောင်ကိုက်မိသည့်အလား လွန်စွာနာကျင်ပါတယ်။ ရှေးတိုင်းရင်း ဆေးဆရာကြီးများက ဟင်းနုနယ် ဆူးပေါက်ပင်ကိုခွန်အားတိုးဆေး ဖော်စပ်ရာမှာ အသုံးပြုလေ့ရှိပါတယ်။

ကမ္ဘာပေါ်တွင် လူသားတို့ ကျန်းမာရေးကို အထောက်အကူပြုစေသည့် အစိမ်းရောင် ဟင်းသီးဟင်းရွက်ပင်အမြောက်အမြားကို သဘာဝတရားကြီးက အဆင်သင့် ဖန်တီးပေးထားပါတယ်။ ၎င်းတို့အနက် ဟင်းနုနယ်၏ အာဟာရ ဖြစ်စေနိုင်မှုက အသာလွန်ဆုံးဖြစ်ပါတယ်။ အမဲသား၊ ဝက်သားစသည့် အနီရောင်အသားတို့ဖြင့် နှိုင်းယှဉ်ပါက ဟင်းနုနယ်ထဲတွင် ကယ်လိုရီနှင့် သံဓာတ်တို့ပါဝင်မှု ပမာဏ ပိုမိုများပြားသည့်အပြင် အဆီနှင့်ကိုလက်စထရောတို့ ပါဝင်မှု အလွန်နည်းပါးသောကြောင့် ထိုအနီရောင်အသားများထက် ဟင်းနုနယ်ကကျန်းမာရေးအတွက် ပိုမိုသင့်လျော်ပါတယ်။

ဟင်းနုနယ်ထဲတွင် ပါရှိသော flavonoids ဓာတ်ပေါင်းစုဟာ အစာအိမ်ကင်ဆာ၊ အရေပြားကင်ဆာ၊ အူကင်ဆာ၊ အမျိုးသားများတွင် အဖြစ်များသော ဆီးကျိတ်ကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ စသည့် ကင်ဆာဆဲလ်များကို သေစေနိုင်ပါတယ်။ ထို့ပြင် ဟင်းနုနယ်ကိုစားသော အမျိုးသမီးများဟာဟင်းနုနယ် လုံးဝမစားသော အမျိုးသမီးများထက် သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေ အလွန်နည်းပါးပါတယ်။

အစာချေဖျက်မှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်နာ ဝေဒနာများကိုလည်း ပျောက်ကင်း သက်သာလာစေပါတယ်။ သွေးထဲရှိ သကြားပမာဏကို ကျအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းမှ သက်သာစေနိုင်ပါတယ်။ သွေးလွှတ်ကြောများအတွင်း အဆီပိတ်ဆို့ခြင်းကို ကာကွယ်ပေးသည့်အပြင် သွေးလည်ပတ် စီးဆင်းမှုကိုလည်း ကောင်းမွန်စေပါတယ်။ သွေးတိုးရောဂါသည်များ အထူး စားသုံးပေးသင့်ပါတယ်။

မျက်စိအတွင်းတိမ် ဖြစ်ခြင်း၊ ပြည်တည်ခြင်း၊ မျက်ကြည်လွှာနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုး မျက်စိယားယံခြင်းနှင့် ခြောက်သွေ့ခြင်း တို့ကို ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ဟင်းနုနယ်ကို သံလွင်ဆီ အနည်းငယ်ဖြင့် ကြော်စားပေးပါက အဆိုပါရောဂါများအတွက် အာနိသင်ပိုရှိစေပါတယ်။ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာစေပါတယ်။ ဟင်းနုနယ်ထဲတွင် Vitamin A အလုံအလောက် ပါရှိ၍ အရေပြားအစိုဓာတ်ကို ထိန်းသိမ်းပေးပြီး ကျန်းမာသော အရေပြားကိုလည်း ပိုင်ဆိုင်စေပါတယ်။ ထို့ပြင် အသားအရေနေလောင်ခြင်း၊ အနီကွက်ထခြင်း၊ ဝက်ခြံများနှင့် မျက်နှာပေါ်ရှိ အရေးအကြောင်းများကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။ ဦးနှောက်နှင့်အာရုံကြော အဖွဲ့အစည်းကို တိုးတက်ကောင်းမွန်စေပါတယ်။ အယ်ဇိုင်းမား ရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စု ချီကာဂိုရှိ ဆေးသုတေသနပြုချက်အရ လူတစ်ဦးသည် ဟင်းနုနယ်ရွက် သုံးရွက်ကို နေ့စဉ်မှန်မှန် စားသုံးပေးခြင်းဖြင့် စိတ်ကျဝေဒနာကို ၄ဝ ရာခိုင်နှုန်းမျှ သက်သာလာစေသည့် အပြင် ဦးနှောက် အလုပ်လုပ်နိုင်သော စွမ်းရည်မှာလည်း နောက်ထပ် ငါးနှစ်လောက် နုပျိုသွားသည်ဟု အဆိုရှိပါတယ်။ ဟင်းနုနယ်တွင် Vitamin K ဓာတ်ကြွယ်ဝစွာ ပါရှိ၍ အရိုးပွခြင်းမှ အထူးကာကွယ်ပေးပါတယ်။

ဟင်းနုနယ်ကို မှန်မှန်စားပေးပါက အရိုးကို ကျန်းမာသန်စွမ်းစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ မှန်မှန်စားပေးခြင်းဖြင့် သန္ဓေသား၏ DNA နှင့် အာရုံကြော အဖွဲ့အစည်းတို့ကို တိုးတက်ကောင်းမွန်စေသည့် အပြင် ရင်သွေးငယ်အတွက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲမဖြစ်စေပါ။ ထို့ပြင် သားလျှောခြင်းမှလည်း ကာကွယ်ပေးပါတယ်။ သံဓာတ်ကြွယ်ဝစွာ ပါရှိခြင်းကြောင့် သွေးအားကောင်းစေပါတယ်။ ခန္ဓာကိုယ်၏ PH ပမာဏကို ပုံမှန်ဖြစ်စေရုံသာမက ကိုလက်စထရော ကျစေပါတယ်။ နို့ထွက်အားကောင်းသဖြင့် နို့တိုက်မိခင်များ ဟင်းနုနယ်ကို စားသုံးပေးသင့်ပါတယ်။ မကြာခဏ သွားဖုံးသွေးယို စီးသောသူများဟာ ဟင်းနုနယ် သတ္တုရည်ကို မုန်လာဥနီနှင့် ရောစပ်ကာ ဖျော်ရည်အဖြစ် မကြာခဏ သောက်သုံးပေးခြင်းဖြင့် ပျောက်ကင်း သက်သာလာစေနိုင်ပါတယ်။

ဟင်းနုနယ်ထဲတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါရှိ၍ နှလုံးသွေးလွှတ်ကြောများ ပိတ်ဆို့ခြင်း၊ ချိုးကပ်ခြင်းများကို ပျောက်ကင်း သက်သာစေသည့်အပြင် နှလုံးကြွက်သားများ ညှစ်အားကောင်းစေသောကြောင့် နှလုံးရောဂါ ဝေဒနာသည်များအတွက် အထူးသင့်လျော်ပါတယ်။ လေဖြတ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

သတိပြုရန်-

ဟင်းနုနယ်ထဲတွင် oxalates ဓာတ်ပါရှိသောကြောင့် ကျောက်ကပ်၊ သိုင်းရွိုက်နှင့် ဂေါက်ရောဂါဝေဒနာသည်များ အလွန်အကျွံ မစားသင့်ပါ။ ကမ္ဘာ့အစားအသောက်နှင့် ကျန်းမာရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် WHFods မှ ဟင်းနုနယ်ပင်တို့သည် လူသားတို့ကို အလွန်အာဟာရ ဖြစ်စေကြောင်း ထောက်ခံထားပါတယ်။သို့ပါ၍ ကျန်းမာပျော်ရွှင်စွာနေနိုင်သော ဘဝတစ်ခုကို ဖန်တီးပေးသည့် သဘာဝအရင်းအမြစ်တို့ စုဝေးရာ ဟင်းနုနယ်ကို ကျန်းမာရေးအတွက် ဆေးတစ်ခွက်အဖြစ် စားသုံးနိုင်ကြပါစေကြောင်း တိုက်တွန်းလိုက်ရပါတယ်။

#credit