Knowledge

Navy SEALs အထူးတပ်ဖွဲ့ဝင် ၊ ဆရာဝန် ၊ အာကာသယာဉ်မှူး

ဘဝမှာ အလုပ်ပေါင်းများစွာကို ပြောင်းရွှေ့လုပ်ဖူးတဲ့သူတွေကို မြင်ဖူးကောင်း မြင်ဖူးနိုင်ပါတယ်။ ဒါပေမယ့် career ကိုချိန်းပြီးလုပ်နိုင်တဲ့သူကတော့ ခုနထက်စာရင် ပိုနည်းသွားပါလိမ့်မယ်။ အဲဒီထက် ပိုရှားတာကတော့ ကန့်သတ်ချက်များစွာ နဲ့ ပရော်ဖက်ရှင်နယ် Career တွေကို ပြောင်းလဲလုပ်နိုင်သူတွေပါ။ ပညာရေး ကန့်သတ်ချက် ၊ ကိုယ်ကာယကြံခိုင်မှု ၊ ဉာဏ်ရည်ဉာဏ်သွေး စတဲ့ ကန့်သတ်ချက်တွေနဲ့ဆိုရင်တော့ ပြောင်းလဲလုပ်နိုင်ဖို့ အရမ်းခက်ခဲသွားမှာပါ။ ဒီလိုရှားရှားပါးပါး လူတွေထဲမှာ ဂျွန်နီကင်မ် လို့ခေါ်တဲ့ Jonathan Kim လည်း တယောက်အပါအဝင်ဖြစ်ပါတယ်။ဂျွန်နီဟာ ကိုရီးယားလူမျိုးတယောက်ဖြစ်ပြီး သူ့မိဘတွေဟာ ၁၉၈၀ ခုနှစ်မှာ အမေရိကန်ကို ရွှေ့ပြောင်းရောက်ရှိလာကြသူတွေဖြစ်ပါတယ်။ ရွှေ့ပြောင်းလာသူဖြစ်တာနဲ့ အညီရုန်းကန်ခဲ့ကြရပြီး ၁၉၈၄ခုနှစ်မှာ ဂျွန်နီကို မွေးခဲ့ပါတယ်။ နောက်တော့ ဖခင်ဖြစ်သူက liquor စတိုးဆိုင်လေး ဖွင့်နိုင်ခဲ့ပြီး မိခင်ဖြစ်သူက မူလတန်းပြဆရာမ လုပ်ရင်း ဂျွန်နီ နဲ့ ညီဖြစ်သူတို့ ကြီးပြင်းလာခဲ့ရပါတယ်။ကျောင်းတက်တော့ ဂျွန်နီဟာ ကယ်လီဖိုးနီးယား Santa Monica မြို့က အထက်တန်းကျောင်းမှာ တက်ခဲ့ပါတယ်။ သူဟာ ငယ်ငယ်က လူကြောက်တတ်သူဖြစ်ပြီး ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုမရှိခဲ့သူလို့ အင်တာဗျူးတခုမှာ ဖြေခဲ့ဖူးပါတယ်။ ဒါပေမယ့် သူဟာ Navy SEALs တယောက်အရမ်းဖြစ်ချင်ခဲ့ပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက ခန္ဓာကိုယ်ကြံ့ခိုင်မှု နဲ့ ကျန်းမာရေးကို အထူးလိုက်စားခဲ့ပါတယ်။ ပညာရေးမှာ ထူးချွန်ခဲ့ပြီး အတန်းတိုင်းမှာ ထိပ်ဆုံးအဆင့်တွေကနေချည်းပဲ အောင်မြင်ခဲ့ပါတယ်။ ရေကူး ၊ ဝါးတားပိုလို စတဲ့ အားကစားတွေမှာလည်း ထူးချွန်တဲ့သူ တယောက်ဖြစ်ခဲ့ပါတယ်။အထက်တန်းကျောင်းပြီးတဲ့နောက်မှာတော့ အထူးတပ်သားလေ့ကျင့်ရေး NSCW ကို ဆက်သွယ်ဝင်ရောက်ခဲ့ပါတယ်။ ကြမ်းတမ်းခက်ခဲလွန်းတဲ့ လေ့ကျင့်မှုတွေနဲ့ကြုံခဲ့ရပေမယ့် အထက်တန်းကျောင်းတက်ခဲ့တဲ့ တောက်လျှောက်မှာ ကြံ့ခိုင်မှုကို အထူးဂရုစိုက်လေ့ကျင့်ခဲ့တာကြောင့် အတော်လေးခံသာခဲ့တယ် လို့ဆိုပါတယ်။ “ကျွန်တော်ရေတပ်ကို ဝင်ဖို့ ဆုံးဖြတ်ခဲ့တာဟာ ကျွန်တော့်ဘဝရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ပါ။ ဒီအထဲကို ဝင်ခဲ့လို့ အရင်က အရမ်းကြောက်တတ်တဲ့ လူငယ်လေးတယောက်ဟာ သူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိလာပြီး ဖြစ်ချင်တဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ သတ္တိတွေလည်း ရှိလာခဲ့ရတယ်” လို့ ဂျွန်နီက ဆိုပါတယ်။ရေတပ်ထဲကို တပ်သားအဖြစ်ဝင်လာခဲ့ပြီးတဲ့နောက် BUD/S လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ အရှည်ကောက်က Basic Underwater Demolition/SEAL ဖြစ်ပြီး အထူးတပ်သားဖြစ်ဖို့ ခက်ခဲတဲ့ လေ့ကျင့်မှုပေါင်းကို ၂၄ ပတ်ကြာ လေ့ကျင့်ဖြတ်သန်းရတဲ့ အစီအစဉ်ဖြစ်ပါတယ်။ သူ့ရဲ့ကြိုးစားမှုကြောင့် အောင်မြင်ခဲ့ပြီး အထူးတပ်သားတယောက်ဖြစ်လာခဲ့ကာ SEAL အဖွဲ့ ၃ မှာ တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။ သူဟာ အထူးတပ်ဖွဲ့ဝင်အဖြစ် အရှေ့အလယ်ပိုင်းဒေသကို ၂ကြိမ် သွားရောက်တာဝန်ထမ်းဆောင်ဖူးသလို ရှေ့တန်းတိုက်ခိုက်ရေးသမား ၊ ဆေးအကူ ၊ စနိုက်ဘာ ၊ လမ်းပြ စတဲ့တာဝန်တွေကိုယူကာ မစ်ရှင်ပေါင်း ၁၀၀ ကျော်မှာ ပါဝင်ခဲ့ပါတယ်။၂၀၀၉ ခုနှစ်မှာ့ ဂျွန်နီဟာ ပြန်တမ်းဝင်အရာရှိဖြစ်လာခဲ့တယ်။ အဲဒီနောက်တော့ တဖက်က ကျောင်းဆက်တက်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ B.A ဘွဲ့ကို သင်္ချာဘာသာရပ်နဲ့ ရရှိခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ရေတပ်အရာရှိအရံလေ့ကျင့်ရေးအဖွဲ့ NROTS ကနေ ထွက်ကာ ရေတပ် ဆေးအဖွဲ့မှာ ပြောင်းပြီးတာဝန်ထမ်းဆောင်ခဲ့ပြန်ပါတယ်။ စစ်မြေပြင်မှာထမ်းဆောင်ခဲ့စဉ်က အီရတ်ဒါဏ်ရာရ စစ်သည်ပေါင်းများစွာကို ကယ်တင်ခဲ့တဲ့အတွက် Silver Star ရရှိခဲ့တဲ့အပြင် Bronze Star Medal နဲ့ အခြားဆုတွေကိုလည်း ရရှိခဲ့ပါသေးတယ်။ဘွဲ့ရပြီးတဲ့နောက်မှာတော့ ဟားဗတ်ဆေးကျောင်းဝင်ခွင့်ရရှိခဲ့ပြီး Harvard Medical School မှာ ဆေးပညာကို သင်ကြားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဆရာဝန်ဘွဲ့ကို ရရှိခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ်မှာတော့ မန်ဆာချူးဆက်အထွေထွေဆေးရုံကြီး နဲ့ ဘရစ်ဟမ်အမျိုးသမီးဆေးရုံတွေမှာ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီလောက် မအားမလပ်အောင် ကြိုးစားနေတဲ့အထဲမှာ လက်ထပ်ခဲ့ပြီး ကလေး ၃ယောက် ရရှိခဲ့တဲ့ ဖခင်တယောက်ဖြစ်နေပါသေးတယ်။ဂျွန်နီမှာ နောက်ထပ်အိပ်မက်တခုရှိပါသေးတယ်။ အဲဒါကတော့ ဆေးကျောင်းတက်တုန်းက ဆုံခဲ့ရတဲ့ ဆရာတယောက်ဖြစ်သူ Scott E. Parazynski ကို အားကျခဲ့တာပါ။ Parazynski က ဆရာဝန် – အာကာသယာဉ်မှူးဖြစ်ခဲ့သူပါ။ သူလည်း ဆရာဝန်-အာကာသယာဉ်မှူးဖြစ်အောင် ကြိုးစားမဟဲ့ဆိုပြီး ဝင်ခွင့်နဲ့ကြုံတော့ အာကာယာဉ်မှူးအလုပ်ကို လျှောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒီအလုပ်ကိုလျှောက်ခဲ့က လူပေါင်း ၂သောင်းနီးပါးရှိပါတယ်။ အဆင့်ဆင့်စစ်ထုတ်ပြီးတဲ့နောက် အဲဒီထဲက ၁၂ ယောက်ကိုသာ ရွေးချယ်တာပါ။ချွန်ပြီးရင် ချွန်သလို ဆရာသမား ဂျွန်နီဟာ ဒီ ၁၂ယောက်ထဲမှာလည်း ပါသွားခဲ့ပြန်ပါတယ်။ နာဆာကာကာသယာဉ်မှူးအဖွဲ့ အမှတ် ၂၂ မှာ ပါဝင်ခဲ့ရပြီး ၂နှစ်ကျော် လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာတော့ အဆင့်မီ အာကာသယာဉ်မှူးတဦးဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ နာဆာအာကာသယာဉ်မှူးရုံးမှာ တာဝန်ထမ်းဆောင်နေပြီး သူ့ရဲ့ပျံသန်းမှု ပရိုဂရမ်ကို စောင့်နေရပါတယ်။ သူဟာ Artemis program လို့ခေါ်တဲ့ နောက်ထပ် လပေါ်ကို အခြေချမယ့် အစီအစဉ်မှာ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ဂျွန်နီရဲ့ အသက်ဟာ အခုမှ ၃၆နှစ်သာ ရှိပါသေးတယ်။ သူ့ရဲ့ဘဝတလျှောက်မှာ အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ ကြိုးစားရုန်းကန်မှုတွေ မရပ်မနားလုပ်ခဲ့ရပြီး ယခုအချိန်မှာတော့ ထူးထူးခြားခြား စွမ်းဆောင်နိုင်တဲ့ လူသားတဦးအဖြစ် သတ်မှတ်ခံနေရပြီဖြစ်ပါတယ်။
#credit thutazone