Knowledge

ကမ္ဘာပေါ်က တိုက်လေယာဉ်အများဆုံး ပိုင်ဆိုင်သူ

တိုက်လေယာဉ်များ အဓိကရှိပြီး အများဆုံး သုံးစွဲသည့်အဖွဲ့အစည်းမှာ နိုင်ငံတကာရှိ စစ်တပ်များဖြစ်ပြီး အမေရိကန်သည် လေယာဉ်အများဆုံး ပိုင်ဆိုင်သည့် နိုင်ငံလည်းဖြစ်သည်။ နိုင်ငံအဖွဲ့အစည်း (သို့) စစ်တပ် မဟုတ်သော်လည်း ဝါသနာအရ တကိုယ်ရည်တကာယ တိုက်လေယာဉ် စုဆောင်းနေသူများလည်း ရှိသည်။ ထိုအထဲတိုက် တိုက်လေယာဉ်အများဆုံး စုဆောင်းနိုင်သူ အဖြစ် စံချိန်တင်ထားသူမှာ ပြင်သစ် ဝိုင်လုပ်ငန်းရှင်သူဌေး မိုက်ကယ်ပွန့် ဖြစ်သည်။ပြင်သစ်နိုင်ငံ အရှေ့အလယ်ပိုင်း Burgundy ဒေသ၏ တောင်စောင်းတစ်ခုအနီးတွင် Savigny-lès-Beaune ဟုခေါ်သည့် ရဲတိုက်တစ်ခု ရှိသည်။ ထိုရဲတိုက်ကို ၁၃၄၀ ခုနှစ်က Burgundy မြို့စားကြီးအတွက် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ၁၄၀၀ ပြည့်နှစ်ခန့်တွင် ဖြိုချက်ခံလိုက်ရပြီး ၁၇ ရာစုရောက်မှ ပြန်လည် တည်ဆောက်ထားခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ထိုရဲတိုက်သည် မိုက်ကယ်ပွန့်၏ ပြတိုက်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။ထိုရဲတိုက်အနီးတွင် မိုက်ကယ်ပွန့်က သူစုဆောင်းထားသော တိုက်လေယာဉ် အစီးပေါင်း ၁၁၀ ကို ခင်းကျင်းပြသထားသည်။ ရဲတိုက်ကို ၁၉၈၀ခန့်တွင် အမွေဆက်ခံလိုက်ပြီးနောက် သူ၏ ဝါသနာဖြစ်သော လေယာဉ်စုဆောင်းခြင်းကို စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်း ၃၀ကျော် စုဆောင်းခဲ့ပြီးနောက် လေယာဉ်ပေါင်း အစီး ၁၁၀ စုဆောင်းနိုင်ခဲ့ပြီး ကမ္ဘာပေါ်က တိုက်လေယာဉ်အများဆုံး စုဆောင်းနိုင်သူ အဖြစ် ဂင်းနစ်မှတ်တမ်းဝင်သွားခဲ့သည်။ ပွန့်သည် ငယ်စဉ်က ပြင်သစ်ကားပြိုင်ပွဲတွင် ပြိုင်ကားမောင်းတစ်ဦးဖြစ်ခဲ့ပြီး ၈နှစ်ကာလအတွင်း ဆုတံဆိပ်ပေါင်း ၁၆၈ခု ရရှိခဲ့သူလည်း ဖြစ်သည်။မိုက်ကယ်ပွန့်သည် တချိန်က ပြင်သစ်စစ်တပ်၏ လေယာဉ်မှူးတစ်ဦးဖြစ်ပြီး Dijon မြို့လေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထိုအချိန်ကတည်းက တချိန်တွင် လေယာဉ်များကို လိုက်လံစုဆောင်းရန် စိတ်ကူးခဲ့ခြင်းဖြစ်သည်။ သူ စုဆောင်းသည့် လေယာဉ်များမှာ အသစ်များမဟုတ်ပဲ အသုံးမပြုတော့သည့် လေယာဉ်အဟောင်းများသာ ဖြစ်သည်။ အသုံးမပြုတော့သည့် လေယာဉ်များအား ဖျက်ဆီးခြင်းမှ ရပ်တန့်နိုင်ရန်အတွက် ယခုကဲ့သို့ လိုက်လံစုဆောင်းနေခြင်း ဖြစ်သည်ဟု သူကဆိုသည်။လက်ရှအချိန်တွင် သူ၏ စုဆောင်းမှုယာဉ်များအား ရဲတိုက်အတွင်းမှာပင် ယာဉ်တစ်မျိုးချင်းစီအတွက် ပြတိုက် ၉ ခုခွဲကာ ပြသထားသည်။ ထိုပြတိုက်များတွင် လေယာဉ်များသာမက ဆိုဗီယက်ခေတ်ဟယ်ရီကော်ပတာတစ်စီး ၊ ၁၉၇၀ ခုနှစ် ကုန်းရေ နှစ်မျိုးစလုံးသွားနိုင်သည့်ယာဉ် hovercraft ၊ ရှေးဟောင်း မီးသတ်ကားများ ၊ ရှေးဟောင်းမော်တော်ဆိုင်ကယ်စီးရေ ၂၀၀ကျော်အပြင် ပြိုင်ကားပေါင်း ၃၆စီးကိုလည်း ပြသထားသည်။ပွန့်သည် လေယာဉ်အဟောင်းရှိသည်ဟု ကြားသည့်နေရာမှန်သမျှ ကမ္ဘာပတ်၍ ခရီးထွက်သည်။ သူနှင့်အတူ စက်သမားအဖွဲ့ကို နေရာအနှံခေါ်သွားသည်။ တွေ့သည့် လေယာဉ်ကို တစ်စီစီဖြုတ်ကာ သယ်ဆောင်လာပြီး ရဲတိုက်ဆီရောက်တော့မှ ပြန်လည်တပ်ဆင်ခြင်း ဖြစ်သည်။ သူ၏ လေယာဉ်အများစုကို ရုရှား ၊ ပိုလန် ၊ ဘယ်လ်ဂျီယံ ၊ ဆွီဒင် ၊ ပြင်သစ် နှင့် အာဖရိကတိုက် နိုင်ငံများမှ ရရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သောလေယာဉ်များဖြစ်သည်။ငွေကုန်ကြေးကျများစွာခံ၍ လေယာဉ်အဟောင်းများကို စုဆောင်းရခြင်းအပေါ် မိုက်ကယ်ပွန့်က” တိုက်လေယာဉ်တွေကို ကျွန်တော်အရမ်းသဘောကျပါတယ်။ ဒီလိုလေယာဉ်တွေစုခြင်းက ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်။ ဒီထက်ပိုဝမ်းသာဖို့ကောင်းတာက တခြားသူတွေ မြင်ဖို့မလွယ်တဲ့အရာကို တစုတစည်းထဲ မြင်အောင်ပြသထားနိုင်တာပါ။ စစ်တပ်တွေမှာ ဒီလိုတိုက်လေယာဉ်တွေကို အများပြည်သူကြည့်ဖို့ မလွယ်ကူပါဘူး။ ကမ္ဘာပေါ်မှာ ဒီလိုနေရာ ဒီတစ်နေရာပဲ ရှိပါတယ်။ ဒီလိုစုဆောင်းရခြင်းအတွက် ကျွန်တော်အချိန်ဖြုန်းတာမဟုတ်ဘူးဆိုတာ ကိုယ့်ဘာသာ နားလည်ထားပါတယ်” ဟု ပြန်ဖြေခဲ့သည်။သူနောက်ဆုံးဝယ်ထားသည့် တိုက်လေယာဉ်မှာ အမေရိကန်ထုတ် Sabre ဂျက်လေယာဉ်ဖြစ်ပြီး ဆွီဒင်နိုင်ငံမှ ပြန်လည်ဝယ်ယူခဲ့ခြင်းဖြစ်ကာ ယခုအချိန်တွင် ပုံမှန်လေယာဉ်တစ်စင်းကဲ့သို့ တပ်ဆင်မွမ်းမံနိုင်ခဲ့ပြီးဖြစ်သည်။ လက်ရှိအချိန်တွင် အသက် ၈၇နှစ်ရှိပြီဖြစ်သော မိုက်ကယ်ပွန့်သည် သူ၏ ရဲတိုက် နှင့်အတူ ၆၆ဧက ကျယ်ဝန်းသောမြေပေါ်တွင် လေယာဉ်အစီးပေါင်း ရာချီကို စုဆောင်းပြသရင်း နေထိုင်နေသည်။ သူ၏ ပြတိုက်ကို နှစ်စဉ် လာရောက်လည်ပတ်သူ ဦးရေသည် ၃သောင်းမှ ၄သောင်းအကြား ရှိသည်။

#credit thutazone