Celebrities

၉၀ ရာခိုင်နှုန်းလောက်အလားအလာကောင်းတဲ့ အောက်စ်ဖို့ဒ်ကာကွယ်ဆေး

လက်ရှိအချိန်ထိ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူပေါင်း ၁၄သန်း ကျော်သွားပြီဖြစ်သလို သေဆုံးသူပေါင်းကလည်း ၆သိန်းကျော်သွားပါပြီ။ ကမ္ဘာ့နိုင်ငံအသီးသီးက ကာကွယ်ဆေးထွက်ရှိလာဖို့ အပြိုင်အဆိုင်ကြိုးစားစမ်းသပ်လျှက်ရှိပြီး ဒီအထဲမှာ ၃ မျိုးကတော့ အကောင်းဆုံးအခြေအနေတွေကို ရောက်ရှိလာခဲ့ပါပြီ။ ဒီအထဲက တမျိုးကတော့ အောက်စ်ဖို့ဒ်တက္ကသိုလ်က သုတေသနပြုလျက်ရှိတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။
အောက်စ်ဖိုဒ့်တက္ကသိုလ်က သုတေသနပြုလျက်ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဟာ လုံခြုံစိတ်ချရပြီး ခုခံအားစနစ်တုံ့ပြန်မှုကို အစပျိုးပေးစေနိုင်တဲ့အစွမ်းရှိတယ်လို့ သိရပါတယ်။ ဒီစမ်းသပ်မှုမှာ လူပေါင်း ၁၀၇၇ ခုဦးပါဝင်စမ်းသပ်ခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ခိုက်စေနိုင်တဲ့ antibodies နဲ့ T-cells တွေကို ထိုးသွင်းဖန်တီးစေခဲ့တာဖြစ်ပါတယ်။
ဒီတွေ့ရှိမှုဟာ အလွန်အလားအလာကောင်းတဲ့ တွေ့ရှိမှုဖြစ်ပေမယ့် ပိုမိုစိတ်ချရနိုင်ဖို့အတွက် ဒီထက်ပိုကြီးမားတဲ့ လူဦးရေ အရေအတွက်နဲ့ စမ်းသပ်မှုတွေကို ထပ်မံပြုလုပ်ဖို့လိုပါသေးတယ်။ ဗြိတိန်ဟာ ဒီကာကွယ်ဆေးအမျိုးအစား ဆေးအလုံပေါင်း သန်း ၁၀၀ ကို အော်ဒါမှာထားခဲ့ပြီးဖြစ်ပါတယ်။
အောက်စ်ဖိုဒ့်က စမ်းသပ်လျက်ရှိတဲ့ ဒီကာကွယ်ဆေးကိုတော့ ChAdOx1 nCoV-19 လို့ခေါ်ပါတယ်။ antibodies နဲ့ T cells ဟာ ကိုယ်ခံအားစနစ်က တုန့်ပြန်လာအောင် အဓိကလုပ်ဆောင်ပေးပါတယ်။ antibodies ဆဲလ်စ်တွေကို ရောဂါ မကူးသွားအောင် ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်ကို ချုပ်နှောင်ထားခြင်း နဲ့ T cells တွေကတော့ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ဆဲလ်စ်တွေကို သတ်ပစ်ခြင်း တို့ ဖြစ်ပါတယ်။
သုတေသနအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူ ပါမောက္ခ Andrew Pollard ကတော့ ” ရလာတဲ့အဖြေကို ကျွန်တော်တို့အရမ်းကျေနပ်နေကြပါတယ်။ antibodies နဲ့ T-cells နှစ်မျိုးစလုံးအလုပ်လုပ်တဲ့ရလာဒ်ကို ဒီကနေ့ပဲ ထုတ်ပြန်ခဲ့တာပါ” လို့ ဘီဘီစီသတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။
လူတိုင်း သိချင်နေတဲ့ တခုတည်းသော မေးခွန်းက ဒီကာကွယ်ဆေးဟာ လုံးဝစိတ်ချစွာ အလုပ်လုပ်ရဲ့လား ဆိုတာဖြစ်ပါတယ်။ ဒီမေးခွန်းကိုဖြေနိုင်ဖို့တော့ ဆက်လက်စောင့်ကြည့်နေဆဲပါ။ အခုတွေ့ရှိချက်အရတော့ ကာကွယ်ဆေးစမ်းသပ်ထိုးသွင်းတဲ့ လူအားလုံးရဲ့ ၉၀% ဟာ ဆေးတကြိမ်ထိုးသွင်းရုံနဲ့တင် အကျိုးသက်ရောက်စေတဲ့ antibodies တွေကို ထုတ်လုပ်ပေးတာကိုတွေ့ရပါတယ်။ လူ ၁၀ယောက်ကတော့ နှစ်ကြိမ်ထိုးသွင်းမှ အကျိုးသက်ရောက်စေတဲ့ antibodies ကို ထုတ်ပေးပါတယ်” လို့ သူက ဆက်ဆိုပါတယ်။
ဒီဆေးဟာ လုံခြုံစိတ်ချရလား ဆိုတဲ့ မေးခွန်းကိုတော့ ” စိတ်ချရပါတယ်။ ဒါပေမယ့် side effect အနည်းငယ်တော့ ရှိပါတယ်။ အဲဒါကတော့ ကာကွယ်ဆေးထိုးလိုက်တဲ့ လူတွေရဲ့ ၇၀%ဟာ ခေါင်းကိုက်ခြင်း နဲ့ ဖျားနာခြင်းတွေကို ခံစားရတာပဲ ဖြစ်ပါတယ်၊ ဒီအတွက်တော့ ပါရာစီတမော့နဲ့တင် ဖြေရှင်းနိုင်ပါတယ်” လို့ ဖြေထားပါတယ်။
အခုကာကွယ်ဆေးဟာ အရမ်းအလားအလာကောင်းနေပြီ ဆိုပေမယ့် ထပ်မံစမ်းသပ်မှုတွေကိုတော့ ပြုလုပ်ရပါဦးမယ်။ နောက်တကြိမ်မှာတော့ ဗြိတိန်မှာပဲ လူပေါင်း ၁သောင်း နဲ့ စမ်းသပ်ဦးမယ်လို့ ဆိုပါတယ်။ ပိုကြီးတဲ့စမ်းသပ်မှုအဖြစ် အမေရိကန်က လူပေါင်း ၃၀၀၀၀ ၊ တောင်အာဖရိက က လူပေါင်း ၂၀၀၀ နဲ့ ဘရာဇီးက လူပေါင်း ၅၀၀၀ တို့ပါဝင်မယ်လို့ သိရပါတယ်။
ဒီဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ကို လုံခြုံစိတ်ချစွာတိုက်ဖျက်နိုင်တဲ့ ဆေးဖြစ်မဖြစ်ကိုတော့ ဒီနှစ်ကုန်မှာ သိရမှာဖြစ်ပါတယ်။ ပြီးတာနဲ့ ကာကွယ်ဆေးတွေကို ဖြန့်မှာဖြစ်ပေမယ့် တကမ္ဘာလုံးတော့ ဖြန့်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ သိရပါတယ်။ ရောဂါပိုးကူးစက်ခံလူနာတွေနဲ့ ထိတွေ့လုပ်ကိုင်နေကြရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုတော့ အဓိကဦးစားပေးသွားမယ် လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ဒီအဆင့်ကို ရောက်ရှိလာတဲ့ ကာကွယ်ဆေးစမ်းသပ်မှုမှာ ဒီကာကွယ်ဆေးအပြင် ၊ အမေရိကန် နဲ့ တရုတ်နိုင်ငံတို့က စမ်းသပ်နေတဲ့ ကာကွယ်ဆေးတွေလည်း ပါဝင်နေပါတယ်။ လက်ရှိအချိန်ထိ စမ်းသပ်နေဆဲ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အမျိုးအစားပေါင်း ၂၃မျိုးလောက်အထိ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ ပြီးပြည့်စုံတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထွက်မလာသေးပေမယ့် ဗြိတိန်အစိုးရကတော့ ကာကွယ်ဆေးအလုံးပေါင်း သန်း ၁၉၀ လောက်ကို မှာယူပြီးနေပါပြီ။ ဒါတွေကတော့ အောက်စ်ဖို့ဒ်ကာကွယ်ဆေးက သန်း ၁၀၀ ၊ BioNtech/Pfizer က စမ်းသပ်တဲ့ကာကွယ်ဆေး သန်း ၃၀ နဲ့ Valneva ကာကွယ်ဆေး သန်း ၆၀ တို့ဖြစ်ပါတယ်။ ဒီလိုရလာဒ်တွေရရှိလာတဲ့အတွက် သိပ်မကြာခင်အချိန်မှာပဲ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ ထွက်လာဖို့ မျှော်လင့်ရပေမယ့် ဆေးထွက်ရှိလာခဲ့ရင်တောင် နိုင်ငံငယ်တွေအဖို့တော့ နောက်ကျပြီးမှ ရောက်ရှိလာမယ့် အခြေအနေမှာ ရှိနေပါတယ်။

#credit to original poster