Knowledge

ဆယ်တန်း ကို ၆ ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ပြီး သာသနာ့ဘောင်ကို အပြီးဝင်သွားတဲ့ သားကို လွမ်းနေတဲ့ မိခင်

မြင့်မြတ်သူသို့ တဒင်္ဂအလွမ်း

တက္ကသိုလ်ကျောင်းတွေဖွင့်တော့မယ်သားရေ။

သားသူငယ်ချင်းတွေအားလုံးကိုယ်ဝါသနာပါရာတက္ကသိုလ်အသီးသီးကိုတက်ကြဖို့ပြင်ဆင်နေကြပြီပေါ့။မေမေ့သားလေးလည်းဘဝရဲ့တစ်ဆစ်ချိုးအကွေ့ကိုချိုးကွေ့မသွားခဲ့ဘူးဆိုရင်ဟိုးအရင်သားငယ်စဉ်ကတည်းကအိပ်မက်မက်ခဲ့တဲ့ဆေးတက္ကသိုလ်ကျောင်းတော်ကြီးကို တက်ရောက်ပညာသင်ကြားဖို့အတွက် ပြင်ဆင်နေပြီပေါ့နော်။

သားအမြဲပြောတတ်တဲ့စကားလေးက‘သားကြီးလာရင်လူသားတွေရဲ့အသက်ကိုကယ်တင်တဲ့၊လူတွေရဲ့ရောဂါဝေဒနာတွေကိုသက်သာပျောက်ကင်းအောင်ကုသပေးနိုင်တဲ့ ဆရာဝန်ကြီးတစ်ယောက်ဖြစ်ချင်တယ်မေမေ။ဖြစ်အောင်လည်းသားကြိုးစားမယ်’

ငယ်စဉ်ကတည်းကမိဘအပေါ်သိတတ်လိမ္မာပြီးအတန်းစဉ်ပညာထူးချွန်ဆုတွေအမြဲရခဲ့တဲ့သားလေးဟာ၂၀၁၉ခုနှစ်တက္ကသိုလ်ဝင်တန်းကိုလည်းဘာသာစုံဂုဏ်ထူး(ရမှတ်၅၂၇)နဲ့ထူးချွန်စွာအောင်မြင်ခဲ့ပါတယ်။သားဖြစ်ချင်တဲ့ဆရာဝန်ကြီးလုပ်လို့ရပြီဆိုတဲ့အသိနဲ့အောင်စာရင်းထွက်တဲ့နေ့က မေမေဝမ်းသာလွန်းလို့ မျက်ရည်များတောင်ကျခဲ့မိပါတယ်။ အဲဒီဝမ်းသာမျက်ရည်လေးတောင်မခြောက်ခင်မှာပေါ့

သားပြောလာတဲ့စကားက ‘မေမေ သား၁၀တန်းကိုလည်းထူးချွန်အောင်ကြိုးစားခဲ့ပြီးပြီ။

ဆေးပညာသင်ယူပြီးဆရာဝန်တစ်ယောက်လည်း လုပ်လို့ရပြီ။

ဒါပေမဲ့မေမေ သားရှေ့ဆက်ပြီးခုလို လောကီပညာရပ်တွေထက် လောကုတ္တရာပညာရပ်တွေကိုပဲ သင်ယူချင်လေ့လာချင်တယ်မေမေ။

သားသာသနာ့ဘောင်ကိုအပြီးဝင်ပြီးတရားဓမ္မစာပေတွေကိုပဲလေ့လာတော့မယ်။သားကိုခွင့်ပြုပါနော်’ရုတ်တရက်မေမေ့ရင်တွေပူလောင်သွားခဲ့တယ်သား။

တဒင်္ဂခနမှာမေမေဆောက်တည်ရာမရဝမ်းနည်းပူဆွေးခဲ့ရတယ်။၉တန်း၊၁၀တန်းမှာမလှိုင်မိသားစုကျောင်းကိုပညာသွားသင်နေတာမို့နှစ်နှစ်ခွဲနေခဲ့ရပြီးခုလိုမိသားစုစုံလင်အတူတူနေ၊အတူစားကြလို့မှမဝသေး၊သားနဲ့သမီးကိုမေမေ့ရင်ခွင်မှာထွေးပွေ့ထားပြီးနေ့စဉ်သားမိတစ်တွေအတူတကွအိပ်ကြလို့မှမဝသေး၊သားလေးကြိုက်တတ်တဲ့ဟင်းတွေကိုမမောတမ်းချက်ပြုတ်ကျွေးမွေးလို့မှမဝသေးနှစ်နှစ်ခွဲနေခဲ့ရတဲ့သားလေးကိုအရိပ်တစ်ကြည့်ကြည့်ကြည့်နေလို့မှမဝသေးသားလေးကမေမေတို့ကိုထားခဲ့ပြီး၊သံယောဇဉ်ဖြတ်ပြီးမေမေ့မေတ္တာရိပ်၊မေမေ့အိမ်ရိပ်ကနေထွက်ခွာပြီးမေမေတို့နဲ့အဝေးကိုသွားတော့မယ်တဲ့လား။သားကမေမေတို့ကိုမချစ်တော့မခင်တွယ်တော့ဘူးတလား။

မေမေ့အရိပ်မှာနေရတာမပျော်တော့ဘူးတဲ့လား။ဆောက်တည်ရာမရ၊ပူလောင်မှုအတွေးတွေများစွာနဲ့သားလေးမသိအောင်မေမေငိုနေခဲ့မိတယ်။မေမေငိုနေ၊မျက်ရည်ကျနေမိပေမဲ့ဟိုအရင်ကတည်းကသားဆန္ဒကိုအမြဲဖြည့်ဆည်းပေးခဲ့တဲ့မေမေဟာအခုလည်းသားဆန္ဒကို တားဖို့စိတ်မကူးမိပါဘူးကွယ်။တားလည်းမတားစကောင်းတဲ့အရာပါ။မေမေ့ရင်ကပေါက်ဖွားလာတဲ့မေမေ့သားလေးကိုခုချိန်ထိကလးလးတစ်ယောက်လို ထင်မှတ်နေသေးတဲ့မေမေဟာ တဒင်္ဂခန တရားလက်လွတ်ပူဆွေးမိသွားတာပါ။

တစ်ကယ်တော့လေသားလေးရဲ့မှန်ကန်မြင့်မြတ်တဲ့ဆုံးဖြတ်ချက်ကိုမေမေတို့ကဝမ်းသာစွာသာဓုခေါ်ခွင့်ပြုပေးရမှာဆိုတာမေမေသိပါတယ်သား။

သစ်ရိပ်၊ဝါးရိပ်ထက် ဆွေးမျိုးအရိပ်ကပိုအေးတယ်။ဆွေမျိုးရိပ်ထက်မိဘအရိပ်ကပိုအေးတယ်။မိဘရိပ်ထက်ဆရာအရိပ်ကပိုအေးတယ်။

ဆရာရိပ်ထက်မင်းမြတ်အရိပ်ကပိုအေးတယ်။မင်းမြတ်ရိပ်ထက်တရားအရိပ်ကပိုအေးတယ်မဟုတ်လားသား။လောကကြီးမှာတရားအရိပ်သာအကောင်းမွန်ဆုံး၊အအေးမြဆုံးဆိုတာကိုမေမေသိပါတယ်သား။မေမေတို့ရဲ့ကျေနပ်ဝမ်းသာစွာခွင့်ပြုပေးမှုကြောင့်သားလေးတစ်ယာက် ပရိယတ္တိ၊ ပဋိပတ္တိစာပေတို့ကို လေ့လာသင်ယူနေတာ ခုဆိုငါးလတောင်ကြာခဲ့ပြီနော်။လောကုတ္တရာစာပေလေ့လာရာမှာလည်း သားလေးအမြဲထူးချွန်အောင်မြင်တယ်ဆိုတာ မေမေတို့သိရကြားရလို့ အရမ်းဝမ်းသာကြည်နူးရပါတယ်။

ဆက်လက်ပြီးလည်းသာသနာ့အကျိုးကိုဆထက်တပိုးထမ်းရွက်နိုင်တဲ့သာသနာ့အာဇာနည်တစ်ပါးဖြစ်ပါစေလို့ဆုတောင်းမေတ္တာပို့ရင်းသာသနာ့ဘောင်ကမေမေ့သားဦးဇင်းလေးရဲ့ပရိယတ္တိ၊ပဋိပတ္တိစာပေကြိုးစားလေ့လာသင်ယူနေမှုတို့ကိုမေမေသာဓုအကြိမ်ကြိမ်ခေဆိုနေပါ့မယ်နော်။

ဒါပေမဲ့သားရေ မေမေ ကိုးလလွယ်ဆယ်လမှာ ဖွားခဲ့တဲ့သားလေးကို တစ်ခါတစ်ခါမှာ သတိရနေမိ၊ လွမ်းနေမိပါတယ်ကွယ်။

မေမေ့ရဲ့မသိစိတ်ကတစ်ခါတစ်ခါမှာသား၉၊၁၀ကျောင်းတက်စဉ်ကနေခဲ့တဲ့မိသားစုကျောင်းရဲ့page၊မိသားစုကျောင်းသား/သူဟောင်းများနဲ့မိဘများရှိရာpageတွေမှာသားလေးကိုအလွမ်းပြေကျောင်းသတင်းတွေကိုဝင်ဝင်ကြည့်မိ၊ဟိုးအရင်ကသားလေးကျောင်းသားဘဝကပုံရိပ်ဟောင်းလေးတွေကိုရှာဖွေကြည့်နေမိတယ်သား။သားရေမေမေ့အသိစိတ်ကနေတော့လူတစ်ရာမှာတစ်ယောက်တောင်မလိုက်နိုငတဲ့လူ့လောကကြီးထဲကများပြားလှတဲ့လောကီစည်းစိမ်ကာမဂုဏ်တွေကိုမက်မောစွဲလမ်းမှုမရှိပယ်ဖြတ်နိုင်တဲ့သားလေးရဲ့မြင့်မြတ်တဲ့လပ်ရပ်ကိုအမြဲကြည်ညိုသာဓုခေါ်နေမှာပါနော်။ မိဘထက်ပိုတော်တဲ့ အတိဇာတသားအဖြစ် မေမေတို့အမြဲဂုဏ်ယူ၊ပီတိဖြစ်နေမှာပါသား။

ဒါပေမဲ့ပေါ့တစ်ခါတစ်ခါမှာတော့မေမေ့မသိစိတ်ကနေလွမ်းနေမိပါသေးတယ်သား။တက္ကသိုလ်ကျောင်းတွေဖွင့်တော့မယ်သားရေ။(၂၀၁၉တက္ကသိုလ်ဝင်တန်းကို ၆ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ပြီး သာသနာ့ဘောင်သို့ အပြီးဝင်သွားသော သားလေးအောင်ကောင်းဆက် (ကိုရင်ရှင်ကိတ္တိဇဝ)အား ဤစာစုလေးဖြင့်ရှိခိုးဦးတင်ဂုဏ်ပြုလိုက်ပါသည်။)

#CRD